ကန့်ဘလူ ၇ မတ်
ကျေးရွာများဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိက လိုအပ်သည့် လမ်း၊တံတား၊ သောက်သုံးရေ ရရှိရေး၊ မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ပတ်သက်သည့် လုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အရ ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၀ဝ ထောက်ပံ့မှုဖြင့် ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ(၁၂)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်
ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
"သက်ဆိုင်ရာကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး စီမံချက်ရေးဆွဲ၍ ရရှိလာသည့် စီမံချက်လုပ်ငန်းများကို ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း ၁၀ဝ ထောက်ပံ့ပေးကာ ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် ရေရှည်တည်တံ့တဲ့ လုပ်ငန်းများ၊ လက်ငင်းအကျိုးဖြစ်ထွန်းမည့် လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော လုပ်ငန်းများ စနစ်တကျရွေးချယ်၍ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) လုပ်ငန်းဆောင်ရွက်နေတဲ့ ကျေးရွာများတွင်လည်း ကျေးရွာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူများ ကျန်းမာစွာ နေထိုင်နိုင်ရေး စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်" ဟု မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန်ထွန်းအောင်က ပြောသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အရ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကျေးရွာများမှာ ချောင်းရှည်၊ ကံကြီး(နောက်)၊ ညောင်ဇင်ကြီး၊ ကိုင်းမ၊ ခေါ်သန္တီနှင့်ကျေးပင်အက် ကျေးရွာများတွင် ရွာတွင်းလမ်းများ ကျောက်ချောခင်းခြင်း၊ ဂျင်းသုံးလက်မထုခင်းခြင်း၊ ပုဏ္ဏားကြီးကျေးရွာတွင် ရွာတွင်းလမ်းများ ဂျင်းလမ်းခင်းခြင်း၊ ပင့်သာကြီးကျေးရွာတွင် ရေစင်၊ ရေစက်ရုံ၊ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ တင်ကုတ်ကြီးကျေးရွာတွင် ရေဆိုးမြောင်း ပြုပြင်ရန်နှင့် ရွာတွင်းလမ်းမြေသား တာဘောင်တင်ခြင်းနှင့် ဂျင်းသုံးလက္မထုခင်းခြင်း၊ ဇီးကုန်း(မြောက်) ကျေးရွာတွင် မီးရရှိရေး ဝ ဒသမ ၄ လိုင်းသွယ်တန်းရန် မီးတိုင်များ ဝယ်ယူခြင်း၊ ထိန်တော(မြောက်)နှင့် ဦးကင်းကြည်ကျေးရွာတို့တွင် 200 KVA ထရန်စဖော်မာ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


