ဂန့်ဂေါ ၇ မတ်
ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးရွာများတွင် လိုအပ်ချက်များ ဖြစ်သည့် သောက်သုံးရေ ရရှိရေးလုပ်ငန်းများကို ကျေးရွာဒေသအလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်အတွင်း ပုံတောင်ပုံညာဒေသရှိ ကြက်ရိုးကျေးရွာအုပ်စု လယ်ဓမ္မကျေးရွာ၌ စိမ့်စမ်းရေသွယ်လုပ်ငန်း ဆောင်ရွက်နိုင်ရန် ကွင်းဆင်းတိုင်းတာမှုများ ဆောင်ရွက်ထားကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
“လယ်ဓမ္မကျေးရွာက အိမ်ခြေ ၆၇ အိမ်၊ လူဦးရေ ၃၀၈ ဦးရှိပြီး ကျေးရွာနှင့် ၅ မိုင်အကွာ ရေအရင်းအမြစ် ကောင်းတဲ့နေရာ ပုံတောင်ထိပ်မှ ရေသွယ်ယူနိုင်ရေး ကွင်းဆင်းတိုင်းတာထားပါတယ်” ဟု မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်ဇေယျ က ပြောသည်။
ထို့ပြင် ဂန့်ဂေါမြို့နယ်၌ လာမည့် ပူပြင်းသော နွေရာသီတွင် သဘာဝဘေးဖြစ်ပေါ်လာပါက စားသောက် နေထိုင်ရေး ကိစ္စများ ဖြည့်ဆည်းနိုင်ရေး လျှပ်စစ်၊ မီးသတ်ဌာနများက ကျောင်း၊ ဈေး၊ ရုံး၊ နေအိမ်များတွင် စစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေး ဖြည့်ဆည်းခြင်းဖြင့်လည်းကောင်း၊ အပူဒဏ်ကြောင့် သောက်သုံး ရေရှားပါးလေ့ရှိသည့် တဇန်း၊ အန်းတား၊ စမိတ် စသည့် ကျေးရွာများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အတွက်လည်းကောင်း မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး စီမံခန့်ခွဲရေး ကော်မတီကလည်း စီမံချက်ရေးဆွဲဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိန်ကျော်


