ဂွ ၇ မတ် 


ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ် ၆ ရက် နံနက် ၉ နာရီက ဂွမြို့ အောင်မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ခင်ထွေးက ကျား-မ တန်းတူညီမျှမှုရှိရေး၊ အမျိုးသမီးများအား ခွဲခြားဆက်ဆံမှု ပပျောက်ရေးကို နိုင်ငံတော်၏ တာဝန်ဝတ္တရားအဖြစ် သတ်မှတ်ပြီး မြန်မာအမျိုးသမီးများ ကဏ္ဍစုံနှင့် အဆင့်တိုင်းတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဦးဆောင်ခြင်းတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသမီး ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ထည့်သွင်းပေါင်းစပ်လျက်ရှိကြောင်း၊ ဆောင်ရွက်ရာတွင် အစိုးရနှင့်အတူ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သီတာထွန်းက အမှာစကား ပြောကြားပြီး မြို့နယ်နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မော်ဦးက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း အကျဉ်းကိုလည်းကောင်း၊ တိုင်ကျိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဒေါ်သန်းသန်းဝင်း၊ ရဟိုင်ဖျားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်ခိုင်နှင့် ဇီးကုန်းကျေးရွာအုပ်စု စီမံကိန်းအထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းတို့က ဆောင်ရွက်ခဲ့သော လုပ်ငန်းများ၏ အတွေ့အကြုံများကိုလည်းကောင်း အသီးသီးပြောကြားသည်။


ထို့နောက် မြို့နယ်နည်းပညာအကြံပေးအဖွဲ့ ကျား-မ ရေးရာတာဝန်ခံ ဦးသန်းထိုက်စိုးက လူထုဗဟိုပြုစီမံကိန်းမှ အမျိုးသမီးများ ပူးပေါင်းပါဝင်မှု၊ ကျား-မ ရေးရာတန်းတူညီမျှရေးနှင့် လိုအပ်ချက်များကို ရှင်းလင်းပြောကြားပြီး အခမ်းအနားနှင့် သက်ဆိုင်သော ဗွီဒီယိုဖိုင်များကို ပြသခဲ့သည်။


လူထုဗဟိုပြုစီမံကိန်းမှ ရေရှည်တည်တံ့ခိုင်မြဲသော အခြေခံအဆောက်အဦများကို အမျိုးသမီးများပိုမို လက်လှမ်းမှီမှု ရှိစေရန်နှင့် လုပ်ငန်းများတွင် ပိုမိုပါဝင်လာနိုင်စေရန် ရည်ရွယ်၍ အခမ်းအနား ကျင်းပရခြင်းဖြစ်ပြီး မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ NGO၊ INGO မှ ဝန်ထမ်းများ၊ လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းများ၊ ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများ အပါအဝင် စုစုပေါင်းဦးရေ ၁၆၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မင်းမြင့်မိုရ်(ငါန်းဇွန်)