တောင်ငူ ၇ မတ်
သီတဂူဆရာတော် ဘုရားကြီး၏ ဦးဆောင်မှုဖြင့် တောင်ငူမြို့နယ် ကေတုမတီမြို့သစ်တွင် ယနေ့ နံနက်(၈ နာရီက သီတဂူအာယုဒါနဆေးရုံတော်(တောင်ငူ) တည်ဆောက်ရန် ပန္နက်တော်တင်မင်္ဂလာနှင့် ရုပ်တုတော်ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွှေကျင်နိကာယဥပ ဥက္ကဋ္ဌ(တွဲဖက်သာသနာပိုင်) အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ သီတဂူဆရာတော် ဘုရားကြီး၏ရုပ်တုတော်အား သီတဂူဆရာတော်ဘုရားကြီး၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး သီတဂူဆရာတော်ဘုရားကြီးက စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ ရုပ်တုတော်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ပန္နက်တော်တင် မင်္ဂလာ အခမ်းအနား ကျင်းပရာ ဆရာတော်ကြီးများ သံဃာတော်များနှင့် ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အလှူရှင်များ၊ ပရိသတ်များက ရွှေကျင်နိကာယဥပ ဥက္ကဋ္ဌ(တွဲဖက်သာသနာပိုင်) အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ သီတဂူဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြသည်။
ယင်းနောက် သီတဂူအာယုဒါနဆေးရုံတော်(တောင်ငူ)ဆောက်လုပ်ရန်အတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်းနှင့် အလှူရှင်များက ပန္နက်တိုင်များစိုက်ထူ၍ ပန္နက်တော်တင်မင်္ဂလာပြုလုပ်ကြပြီး အလှူငွေများပေးအပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုအတွက် သီတဂူဆရာတော်ဘုရားကြီးထံမှ အနုမောဒနာ တရားနာယူပြီး ရေစက်သွန်းချအမျှ ပေးဝေကြကြောင်း သိရသည်။
တင်စိုး(ပဲခူး)


