၇ မတ် 


ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပီအက်စ်ဂျီအသင်းနှင့် မန်ယူအသင်းတို့၏ ပွဲစဉ်တွင် မန်ယူအသင်းက တစ်ဂိုး သုံးဂိုး အနိုင်ယူပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။ 


မန်ယူအသင်းမှာ ပထမအကျော့ အိမ်ကွင်းတွင် ပီအက်စ်ဂျီ အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခုပွဲစဉ်တွင် ဂိုးရရှိဖို့ လိုအပ်နေခဲ့သလို ပွဲအစ နှစ်မိနစ်မှာပင် တိုက်စစ်မှူး လူကာကူက ဦးဆောင်ဂိုး စတင်သွင်းယူခဲ့သည်။ ပွဲချိန် ၁၂ မိနစ်တွင် အိမ်ရှင် ပီအက်စ်ဂျီအသင်းအတွက် ဘားနတ်က ချေပဂိုးပြန်လည် သွင်းယူနိုင်ခဲ့သည်။ ယခုနောက်ပိုင်းပွဲစဉ်များတွင် မန်ယူအသင်းအတွက် ပုံမှန်ခြေစွမ်းပြကစားနေသည့် တိုက်စစ်မှူး လူကာကူက ပွဲချိန် ၃၀ မိနစ်တွင် မန်ယူအသင်းအတွက် ဒုတိယဦးဆောင်ဂိုး ထပ်မံသွင်းယူပေးခဲ့သည်။


ဒုတိယပိုင်းတွင် ပီအက်စ်ဂျီအသင်း ချေပဂိုးပြန်လည် ရရှိဖို့ကြိုးစားကစားခဲ့သလို မန်ယူအသင်းကလည်း အကောင်းဆုံးပုံစံဖြင့် ပြန်လည်ဖိအားပေးကစားရာမှ ဒုတိယပိုင်း ပွဲပြီးခါနီး နာကျင်အချိန်ပိုမိနစ်တွင် မန်ယူ ကစားသမား ဒါလော့ ကန်သွင်းမှုမှာ ပီအက်စ်ဂျီနောက်ခံလူ လက်ထိမှန်ခဲ့သဖြင့် ကွင်းလယ်ဒိုင်မှ VAR ကြည့်ပြီး ပင်နယ်တီပေးခဲ့သည်။ ယင်းပင်နယ်တီကို ရပ်ရှ်ဖို့ဒ်က အမှားအယွင်းမရှိကန်သွင်းယူခဲ့ပြီး ပွဲအပြီးတွင် မန်ယူအသင်းက တစ်ဂိုး သုံးဂိုးနှင့် နှစ်ကျော့ပေါင်းရလဒ် သုံးဂိုးစီတူညီခဲ့သော်လည်း အဝေးဂိုးကြောင့် မန်ယူအသင်း ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့သည်။ 


MDN