ဘားအံ ၇  မတ် 


ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယမြောက်နေ့ အင်္ဂလိပ်စာဘာသာဖြေဆိုမည့် ကျောင်းသူတစ်ဦးသည် စာမေးပွဲဖြေဆိုခွင့်ကတ်မေ့ကျန်ခဲ့၍ ယာဉ်ထိန်းရဲတပ်ဖွဲ့က အချိန်မီကူညီပေးနိုင်ခဲ့သဖြင့် စာမေးပွဲဖြေဆိုခွင့်ရရှိခဲ့ကြောင်း သိရသည်။


ဘားအံမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုရန် ကျောင်းသူတစ်ဦး နံနက် ၈ နာရီခွဲခန့်က ကျောင်းသို့လာရောက်စဉ် ကတ်ပြားမေ့ကျန်ခဲ့သည်ကို တာဝန်ကျယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးအား အကြောင်းကြားခဲ့ရာ ယာဉ်ထိန်းရဲတပ်ကြပ်ကြီး သန့်ဇင်စိုးက အဆိုပါကျောင်းသူအား ခေါ်ဆောင်ကာ ၎င်းနေထိုင်ရာ အမှတ်(၇)ရပ်ကွက်၊ ဒေါက်တာစောလှထွန်းလမ်းရှိ နေအိမ်သို့ သွားရောက်ယူဆောင် ကူညီပေးခဲ့ပြီး ကျောင်းသို့ နံနက် ၉ နာရီအချိန် ပြန်လည်ရောက်ရှိသည့်အတွက် အချိန်မီစာမေးပွဲဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။


တက္ကသိုလ်ဝင် စာမေးပွဲများကို မတ်လ ၆ ရက်နေ့မှ ၁၅ ရက်နေ့ထိ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်လျက်ရှိရာ ကရင်ပြည်နယ်အတွင်း စာစစ်ဌာန ၄၆ ခု ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံရေးနှင့် စိတ်အေးချမ်း ပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ ခရိုင်၊ မြို့နယ်၊ မြို့အလိုက် လုံခြုံရေးအပြည့်အဝ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား စာစစ်ဌာနတိုင်းတွင် တာဝန်ခွဲဝေချထားပေး၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)