မန္တလေး ၇ မတ်
၂၀၁၉ ခုနှစ်တွင် ကျရောက်မည့် မဟာသင်္ကြန်တွင် မန္တလေးမြို့၌ ပြည်ထောင်စုသင်္ကြန်အဖြစ် တိုင်းရင်းသားများ တစုတစည်းတည်း လမ်းလျှောက် သင်္ကြန် ကျင်းပနိုင်ရန် နေရာတစ်နေရာ ပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံက သိရသည်။
မန္တလေးသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ကို ၂၀၁၇ ခုနှစ် စတင် ထည့်သွင်းကျင်းပခဲ့ပြီး ၂၀ဝ၈ ခုနှစ်တွင် တောသင်္ကြန်ကို ပထမဆုံးအကြိမ် စတင်ထည့်သွင်း ကျင်းပခဲ့ကာ ယခုနှစ်တွင် ပြည်ထောင်စုသင်္ကြန်ပါ ထည့်သွင်းကျင်းပ သွားမည်ဖြစ်သည်။
"တိုင်းရင်းသားတွေက သူရဲ့ကိုယ်ပိုင်ရိုးရာ ဝတ်စုံတွေနဲ့ ရေကစားချင်လို့လည်းရတယ်။ ပြီးတော့ သူတို့တိုင်းရင်းသားတွေရဲ့ ရိုးရာ အစားအသောက်တွေနဲ့လည်း စတုဒိသာ ကျွေးနိုင်အောင်လုပ်ထားတယ်။ အဲ့နေရာကို ကျွန်တော်တို့ အခကြေးငွေကောက်သွားမှာ မဟုတ်ပါဘူး" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။
ပြည်ထောင်စုသင်္ကြန်ကို မန္တလေးမြို့တွင်နေထိုင် တိုင်းရင်းသားများ အနယ်နယ်အရပ်ရပ်မှလာသော တိုင်းရင်းသားများအတွက် ယခုလို လုပ်ဆောင်ပေးထားခြင်း ဖြစ်သည်။ တိုင်းရင်းသားတစ်ခုချင်းစီအတွက် လမ်းလျှောက်သင်္ကြန် နေရာတစ်နေရာကို ကျုံးအရှေ့ဘက်လမ်း ၆၆ လမ်းမှ ၆၉ လမ်းအထိ ဧရိယာသတ်မှတ်ပေးသွားမည်ဖြစ်သည်။
ပြည်ထောင်စုသသင်္ကြန်ကို မန္တလေးမြို့ မနော်ရမ္မံကွင်းတွင်ကျင်းပသွားမည်ဖြစ်ပြီး ယင်းနေရာတွင် သံချပ်များ မြို့ပေါ်တွင်ရှိသော ယိမ်းအဖွဲ့များ ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မန္တလေးသင်္ကြန်တွင် ကျုံးအရှေ့ဘက်အခြမ်းတွင် တောသင်္ကြန်၊ တိုင်းရင်းသားသင်္ကြန်နှင့် လမ်းလျှောက်သသင်္ကြန် အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက သိရသည်။
သူရိန်လင်း


