စလင်း ၇ မတ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ရစ်ပြင် ကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၂၃ ဒသမ ၂၀၇၀ သန်းဖြင့် ဆောင်ရွက်လျက်ရှိသော စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းတွင် စလင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ခံ အင်ဂျင်နီယာ ဒေါ်ဝေဇင်ဝင်း (အငယ်တန်းအင်ဂျင်နီယာ-၃) နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းကို တင်ဒါအောင်မြင်သော အင်ကြင်းစလင်း ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ၄ လက်မ စက်ရေတွင်းတူးဖော်ခြင်း၊ ပေ၂၀ အမြင့်ရှိသော ဂါလံ ၂၄၀ဝ ဆံ့စင်မြင့်ရေစဉ်တည်ဆောက်ခြင်း၊ အလျား ၁၀ ပေ× အနံ ၈ ပေ× အမြင့် ၈ ပေရှိသော ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဏာရေးနှစ် ခွင့်ပြုရန်ပုံငွေ ၂၃ ဒသမ ၂၀၇၀ သန်းဖြင့် လာမည့်နွေရာသီကာလတွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများပြီးစီးသွားပါက ရစ်ပြင်ကျေးရွာရှိ ကျွဲ၊ နွား၊ တိရစ္ဆာန်များ အပါအဝင် အိမ်ခြေ ၁၇၁ အိမ်မှ လူဦးရေ ၈၁၀ ဦးတို့၏ သောက်သုံးရေ ဖူလုံရေးတို့အတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းသူ(စလင်း)


