မန္တလေး ၇ မတ်
မန္တလေးမြို့အတွင်းရှိ မြောင်းနှင့် လူသွားလမ်း ပလက်ဖောင်းပေါ်များတွင် ကျူးကျော်ကာ မီးစက်များ၊ ပန်းအိုးများ စသည့် ပစ္စည်းများထားရှိမှုကို ယခုအပတ်အတွင်းတွင် အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက သိရသည်။
အရေးယူရာတွင် လမ်းပလက်ဖောင်းပေါ်ရှိ ဆေးဆိုင်ခန်းများတိုးချဲ့ ဆောက်လုပ်ထားသည့်သူများ၊ လမ်းဘေးတွင် မီးစက်များချထားသူများ၊ ပန်းအိုးများ ချထားသူများ စသည့် အရာဝတ္ထုပစ္စည်းများ ချထားမှုများကို အရေးယူသွားမည်ဖြစ်သည်။
မန္တလေးမြို့တွင် လမ်းဘေးပလပ်ဖောင်းပေါ်များ၌ ကျူးကျော်ကာ နေရာချဲ့မှုများ များပြားလာသည့်အတွက် မြို့၏ ဖွံ့ဖြိုးသာယာလှပမှုကို ထိခိုက်စေသည့်အပြင် သံဃာတော်များ၊ မြို့သူမြို့သားများ၊ ကျောင်းသား ကျောင်းသူများမှ ပလပ်ဖောင်းပေါ်တွင် လျှောက်ရမည်ကို မလျှောက်ပဲ လမ်းမပေါ်တွင် လျောက်နေရသည့်အတွက် ယာဉ်တိုက်မှုများ မပေါ်စေရန် ယခုလို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။
"ဒီတစ်ရက် နှစ်ရက်အတွင်းမှာပဲ အောင်မြေသာစံ၊ ချမ်းအေးသာဇံ၊မဟာအောင်မြေတို့မှာ စတင်လုပ်ဆောင်မယ်။ ကျူးကျော်ထားတာကိုတွေ့ရင် ပထမတစ်ရက်မှာ တွေ့ရှိတဲ့နေရာမှာ အကြောင်းကြားစာအနေပို့မယ်။ ပြီးမှ ဖယ်ရှားတာတွေ သိမ်းယူတာတွေလုပ်မယ်" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင် က ပြောသည်။
စတင်လုပ်ဆောင်ရာတွင် အခွန်ဌာန၊ ပန်းတံတားဌာန၊ လမ်းတံတား ဌာန၊ မြို့နယ်စီမံဌာန၊ အဆောက်အအု ဌာန၊ စည်ပင်ရဲတပ်ဖွဲ့နှင့် အခွန်ကျူးရှင်းလင်းရေး အဖွဲ့များဖြင့် စတင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် မြောင်းနှင့် ပလက်ဖောင်းပေါ်ကျူး၍ စိုက်ထားသည့် ပန်းပင်၊ ပန်းအိုးများ အများအပြားရှိပြီး လမ်းလျှောက်သူများအတွက် အနှောက်အယှက် ဖြစ်သည့်အပြင် ကားရပ်နားရန် နေရာလည်း အခက်အခဲဖြစ်ကြောင်း သိရသည်။
သူရိန်လင်း


