ဟိုပုံး ၇ မတ်
မြန်မာနိုင်ငံကော်ဖီအသင်း (MCA) နှင့် ဟိုပုံးကော်ဖီအစုအဖွဲ့ (Hopone Cluster) တို့ ပူးပေါင်း၍ ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် Kafema Coffee Company (Russia) မှ ကော်ဖီပညာရှင်များဖြစ်သည့် Eugene Schukin နှင့် Ekaterina Koper တို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကော်ဖီစိုက်တောင်သူများနှင့် အတွေ့အကြုံ၊ နှီးနှောဖလှယ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ ကျင်းပပြုလုပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် Kafema Coffee Company (Russia) မှ ကော်ဖီပညာရှင်များဖြစ်သည့် Eugene Schukin နှင့် Ekaterina Koper တို့သည် ရုရှား၊ ထိုင်း(ချင်းမိုင်) လက်ရှိ အထူးတန်းကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ပြောင်းလဲ လုပ်ဆောင်နေသည့် အတွေ့အကြုံများကို Projector ဖြင့် ရှင်းလင်းပြီးနောက် မြန်မာနိုင်ငံကော်ဖီအသင်း (MCA) အတွင်းရေးမှူး ဦးကျော်လှိုင်က အသင်းဆောင်ရွက်နေမှုများနှင့် ကော်ဖီနှင့်ပတ်သက်၍ သင်တန်းများ ဖွင့်လှစ်ပေးမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကော်ဖီစိုက်တောင်သူများနှင့် ကော်ဖီကို စိတ်ဝင်စားကြသူများတို့က မိမိတို့ဒေသတွင် ကြုံတွေ့နေရသည့် အခြေအနေ၊ ပိုးကျရောက်မှုကို ဖြေရှင်းနည်း၊ ကော်ဖီမျိုးစိတ် အရေအတွက်နှင့် ဒေသတွင် မည်သည့်ကော်ဖီစိုက်ပျိုးရန် အသင့်တော်ဆုံး ဖြစ်မလဲ စသည်တို့ကို မေးမြန်းရာ Kafema Coffee Company (Russia) မှ ကော်ဖီပညာရှင်များ ဖြစ်သည့် Eugene Schukin နှင့် Ekaterina Koper နှင့် မြန်မာနိုင်ငံကော်ဖီအသင်း (MCA) အတွင်းရေးမှူး ဦးကျော်လှိုင်တို့က ပြန်လည်ဖြေကြားပေးသည်။
၎င်းနောက် ရုရှားနိုင်ငံမှ Kafema Coffee၊ ထိုင်းနိုင်ငံမှ ချင်းမိုင်ကော်ဖီ (၂) မျိုးနှင့် မြန်မာနိုင်ငံ၊ ဟိုပုံးဒေသထွက် ကော်ဖီများဖြစ်သည့် နောင်ခမ်းကော်ဖီ၊ ဗန်းစောက်ရွာမှ ထွက်ရှိသည့် ကော်ဖီနှင့် မိုင်းနွဲ့ရွာမှ ထွက်ရှိသည့် ကော်ဖီတို့ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရုရှားပညာရှင်များ၊ မြန်မာနိုင်ငံကော်ဖီအသင်းမှ တာဝန်ရှိသူများ၊ ဟိုပုံးကော်ဖီအစုအဖွဲ့မှ အဖွဲ့ဝင်များ၊ ကော်ဖီစိုက်တောင်သူများနှင့် တက်ရောက်လာသူများတို့က အခြားနိုင်ငံများမှကော်ဖီနှင့် ဟိုပုံးဒေသထွက် အထူးတန်းကော်ဖီများ ယှဉ်တွဲမြည်းစမ်းကြကြောင်း သိရှိရသည်။
ထက်ထက်(ဟိုပုံး)


