နေပြည်တော် ၇ မတ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ဗန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး H.E. Mr. Mohsen Mohammadi တို့သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ - အီရန် စီးပွားရေးပူးတွဲကော်မရှင် (Myanmar-Iran Joint Economic Commission) တည်ထောင်ရေး၊ မြန်မာနိုင်ငံမှ ဆန်၊ ပဲမျိုးစုံ အပါအဝင် အခြား လယ်ယာထွက်ကုန်ပစ္စည်းများ အီရန်နိုင်ငံသို့ တိုးမြှင့်တင်ပို့သွားရေး၊ မြန်မာနိုင်ငံ၏ လမ်း၊ တံတား၊ လျှပ်စစ်နှင့် ရေ အစရှိသည့် အခြေခံအဆောက်အဦများ၊ ဆေးဝါး၊ ဆေးရုံးသုံးပစ္စည်း ကိရိယာများ ထုတ်လုပ်ရေး စသည့် အလားအလာရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြသည်။
(သတင်းစဉ်)


