နေပြည်တော် ၇ မတ်
ကလေးစာပေပွဲတော်(ပဲခူး) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ကလေးစာပေပွဲတော်များ ကျင်းပရာတွင် ကလေးငယ်များနှင့် လူငယ်များအတွက် အသိပညာနှင့် ဗဟုသုတ ရရှိစေမည့် ထူးခြားသည့် အစီအစဉ်များကို ထည့်သွင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အသိပညာပေး ပြခန်းများကိုလည်း ထည့်သွင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
တိုင်းရင်းသားများ၏ စာပေနှင့် ရိုးရာယဉ်ကျေးမှုကို ပြည်သူများ ပိုမိုသိရှိနိုင်ရန် မြစ်ကြီးနားမြို့၌ ကျင်းပခဲ့သည့် ကလေးစာပေပွဲတော်တွင် တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှု ပြခန်းများကို ထည့်သွင်းပြသခဲ့သည့်အပြင် တိုင်းရင်းသား ကလေးငယ်များအတွက် တိုင်းရင်းသားဘာသာဖြင့် ကဗျာနှင့် ပုံပြောပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပပေးနိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကလေးစာပေပွဲတော်(ပဲခူး)တွင် ပဲခူးတိုင်းဒေသကြီး အတွင်းမှ တက္ကသိုလ်များအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နည်းပညာဆိုင်ရာ တက္ကသိုလ်များမှ အသိပညာပေးပြခန်းများ ပါဝင်ပြသနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးစာပေပွဲတော်သည် ကလေးငယ်များနှင့် လူငယ်များ စာဖတ်အား ကောင်းမွန်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည့်အတွက် စာဖတ်ပြိုင်ပွဲများကိုလည်းကောင်း၊ နည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှုများနှင့် ကစားနည်းများကိုလည်းကောင်း ထည့်သွင်းကျင်းပစေလိုပါကြောင်း၊ ထို့ပြင် ကလေးငယ်များသာမက ကလေးငယ်များနှင့် လူကြီးများ ပူးပေါင်းဆောင်ရွက်ရသည့် ကစားနည်းများကိုလည်း ထည့်သွင်း ကျင်းပစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ကလေးစာပေပွဲတော်(ပဲခူး) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့အတူ ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးသည်။
အဆိုပါအစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကလေးစာပေပွဲတော်(ပဲခူး)ကို ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ မတ် ၂၈ ရက်မှ ၃၀ ရက်အထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်သည်။
ကလေးစာပေပွဲတော်များကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ကလေးများစာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန်ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာ ဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်နှင့် ပညာဗဟုသုတသာမက လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


