မန္တလေး ၈ မတ်
မန္တလေးမြို့ သင်္ကြန်ပွဲတော်တွင် ပြီးခဲ့သည့်နှစ်က Black List စာရင်းသွင်းခံရသည့် သံချပ်အဖွဲ့ဝင်များအား ဝင်ရောက်ယှဉ်ပြိုင်ခြင်း ခွင့်ပြုမည်မဟုတ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ပြီးခဲ့သည့်နှစ်က ဟိုထိုးဒီထိုးရွှေလက်ညှိုး သံချပ်အဖွဲ့အား စည်းကမ်းမလိုက်နာခြင်း၊ စိစစ်အဖွဲ့က ခွင့်မပြုထားသည့် စာသားများအား ထည့်သွင်းယှဉ်ပြိုင်ခြင်း၊ အမူအရာ ရိုင်းပြခြင်းတို့ကြောင့် Black List (အမည်ပျက်) စာရင်းသွင်းခဲ့ကြောင်း သိရသည်။
"မနှစ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့က သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာဘူး၊ စိစစ်ရေးအဖွဲ့က ခွင့်မပြုတဲ့စာသားတွေကို စင်ပေါ်မှာသူတို့ထိုးတယ်။ အဲ့ဒီထက်ဆိုးတာက အမူအရာကရိုင်းပြတယ် အဲ့ဒီလိုရိုင်းပြတဲ့ အတွက်ကြောင့် သံချပ်အဖွဲ့ကို blacklist အဖြစ်နဲ့သွင်းထားပါတယ်။ အဲ့ဒီသံချပ်အဖွဲ့ထဲမှာပါတဲ့ တစ်ဦးတစ်ယောက်က တခြားတစ်ဖွဲ့ထဲပါတယ်ဆိုလို့ရှိရင် အဲဒီအဖွဲ့ကိုပါ ခွင့်မပြုဘူးလို့ ဒီနေ့အစည်းအဝေးက ဆုံးဖြတ်ပါတယ်'' ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
မန္တလေးသင်္ကြန်ပွဲတော် သံချပ်ပြိုင်ပွဲတွင် နှစ်စဉ် သံချပ်စာသား စိစစ်အကဲဖြတ်ရေးအဖွဲ့မှ စိစစ်ပြီးယှဉ်ပြိုင်ရခြင်း ဖြစ်သည်။
ယခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင် သံချပ်ပြိုင်ပွဲပါဝင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်သံချပ် အဖွဲ့ဝင်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရ၏ ဂုဏ်သိက္ခာကို ထိပါးစေနိုင်သည့် တစ်ဖက်သတ်စွပ်စွဲပုတ်ခတ်ရေးသားသီဆိုမှုများ မပါရှိရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုပျက်ပြားစေနိုင်သည့် ရေးသားသီဆိုမှုများ မပါရှိရန်၊ မည်သည့်ဘာသာသာသနာကိုမဆို ထိပါးစော်ကားသည့် စာသားများမပါရှိရန်၊ မြန်မာ့ယဉ်ကျေးမှုနှင့်မကိုက်ညီသည့် စာသား၊ ဝတ်ဆင်မှု၊ သရုပ်ဖော်မှုများ မပါရှိရန်၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်(သို့) အဖွဲ့အစည်းတစ်ရပ်ရပ်အပေါ် တစ်ဖက်သတ် စွပ်စွဲပုတ်ခတ်မှုများ မပါရှိရန် စသည့်အချက်များကို လိုက်နာရမည်ဖြစ်သည်။
အိမို့မို့ခိုင်
Photo-ဟိုထိုးဒီထိုးရွှေလက်ညှိုး သံချပ်အဖွဲ့ ဖေ့ဘုတ်


