တာချီလိတ် ၈ မတ်
ရှမ်းပြည်နယ် အရှေ့ပိုင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာချီလိတ်ခရိုင် အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်မှ ပြန်/ဆက်ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်မြင့်မားရေး(ဆင့်ပွား) သင်တန်းကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စတင်ဖွင့်လှစ်ကြောင်း သိရသည်။
သင်တန်းတွင် ကျိုင်းတုံတွဲဖက်ပြည်နယ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦမောင်ကြည်က အဖွင့်အမှာစကား ပြောကြားပြီး တာချီလိတ်ခရိုင် ဦးစီးအရာရှိ ဒေါ်နှင်းရည်က ဝန်ထမ်းတစ်ဦးချင်း အရည်အသွေးတိုးတက်လာစေရန်နှင့် လုပ်ငန်းကို အခက်အခဲမရှိ အဆင်ပြေချောမွေ့၍ လုပ်ငန်းများ ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ရုံးစာရေးသားနည်းနှင့် စီမံခန့်ခွဲမှု၊ ပြည်သူ့ဆက်ဆံရေး၊ ပြည်သူ့ စာကြည့်တိုက်များ စီမံခန့်ခွဲရေး၊ ငွေစာရင်းထိန်းသိမ်းနည်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ၊ သတင်းမီဒီယာ လုပ်ငန်းဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံ့သမိုင်းအဆင့်ဆင့် ပြောင်းလဲတိုးတက်မှုများ စသည့်ဘာသာရပ်များကို သင်ကြားပေးမည် ဖြစ်သည်။
သင်တန်းသို့ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ၊ ကျိုင်းလပ်နှင့် မိုင်းယုမြို့နယ်ရုံးတို့မှ စာကြည့်တိုက်လက်ထောက်(၃)၊ ရုပ်သံကျွမ်းကျင်(၃)၊ အကြီးတန်းစာရေးနှင့် အငယ်တန်း စာရေးဝန်ထမ်းများ တက်ရောက်ကြကာ သင်တန်းကာလမှာ မတ် ၈ ရက်မှ ၁၀ ရက်အထိဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


