ပဲခူး ၈ မတ်
ပဲခူးမြို့ သီရိဟံသာခန်းမတွင် မတ်လ(၈)ရက်နေ့ နံနက်(၉)နာရီအချိန်က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်က ကမ္ဘာ့နိုင်ငံအသီးသီးတွင် အမျိုးသမီးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေကြပြီး မြန်မာ့ရာဇဝင်တွင်လည်း အလွန်ထင်ရှားတဲ့ အမျိုးသမီးခေါင်းဆောင်တွေ၊ စာဆိုအကျော်အမော်တွေ၊ အနုပညာရှင်တွေ၊ စွမ်းဆောင်ရှင်တွေ များစွာပေါ်ထွန်းခဲ့သည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့ကို အဓိကအခြေခံသည့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်တွင် ရောက်ရှိဆောင်ရွက်လျှက်ရှိကြောင်း၊ အမျိုးသား အမျိုးသမီးတန်းတူ ညီမျှရေးသည်လည်း အရေးကြီးပြီး အမျိုးသမီးများ နိုင်ငံရေးနယ်ပယ်မှာ တန်းတူညီမျှမှုပါဝင်နိုင်ရေးအပြင် စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ နယ်ပယ်များတွင် တန်းတူညီမျှပါဝင်ခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားပြီး တက်ရောက်လာသူများက အမျိုးသမီး အခွင့်အရေးများနှင့် ပတ်သက်၍ Video Clip ဖြင့်ပြသကာ လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးနှင့် တက်ရောက်လာသူများက မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသက်ကျောင်း (တောင်ငူ)၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပြသထားသော လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုကြသည်။
၂၀၁၉ ခုနှစ် မတ်လ(၈)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂမှ ချမှတ်ပေးသည့်ဆောင်ပုဒ်သည် "ခွင့်တူညီရေး စဉ်းစားလို့ စွမ်းရည်မြှင့်ရေး အလေးပေးဖို့၊ ပြောင်းလဲမှုကို ဖော်ထုတ်စို့" ဖြစ်ပြီး အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီး ကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ အသင်းဝင်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


