ခင်ဦး ၈ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်တွင် မိုးရေအား အဓိကထား စိုက်ပျိုးထုတ်လုပ်နေသည့် ကျေးရွာများအတွက် လျှပ်စစ်စက်ရေတင်စီမံကိန်းတစ်ခု တည်ဆောက်ရန် ပညာရှင်များနှင့် တိုင်ပင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခင်ဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထွန်းက ပြောသည်။
ခင်ဦးမြို့နယ်၊ မဒေါင်းလှကျေးရွာအုပ်စု အတွင်းရှိ နှဲတွင်းကျေးရွာ၊မိုးနတ်ကျေးရွာနှင့် ပိတောက်ကုန်းကျေးရွာအုပ်စု၊ပိတောက်ကုန်းကျေးရွာများမှ စိုက်ဧကများသည် မိုးရေကို အားထား စိုက်ပျိုးနေရသောကြောင့် မိုးနည်းသည့်နှစ်တွင် တောင်သူများ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ခင်ဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထွန်းထံမှ သိရသည်။
ထို့ကြောင့် မတ် ၅ ရက်က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့တွင် ခင်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထွန်းက ခင်ဦးမြို့နယ်၊ မဒေါင်းလှကျေးရွာအုပ်စု၊ နှဲတွင်းကျေးရွာ၊ မိုးနတ်ကျေးရွာနှင့် ပိတောက်ကုန်း ကျေးရွာအုပ်စု၊ ပိတောက်ကုန်းကျေးရွာများမှ ရေသောက်ဧရိယာ(၅ဝဝ) ဧကအတွက် လျှပ်စစ်စက်ရေတင်တစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးခွန်းမေးမြန်းခဲ့သည်။
အဆိုပါ မေးခွန်းနှင့်စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးကမ်ဇာမုံကိုယ်စား ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းမှ ပညာရှင်များနှင့် ဌာနဆိုင်ရာများ ကွင်းဆင်းကြည့်ရှုပြီး ဆောင်ရွက်ရန် အဆင်ပြေပါက အနီးစပ်ဆုံးဘဏ္ဍာနှစ်တွင် ဘတ်ဂျက်ချထားပေးမည်ဟု ဖြေကြားခဲ့ကြောင်း သိရသည်။
ခင်ဦးမြို့နယ်၊ မဒေါင်းလှကျေးရွာအုပ်စုအတွင်းရှိ နှဲတွင်းကျေးရွာ၊မိုးနတ်ကျေးရွာ နှင့် ပိတောက်ကုန်းကျေးရွာအုပ်စု ပိတောက်ကုန်းကျေးရွာများရှိ စိုက်ဧကများမှာ ရေလုံလောက်စွာမရရှိခြင်းများကြောင့် စိုက်ပျိုးပြီးသည့် စပါးပျိုပင်များကိုပင် နွားရိတ်ကျွေးရသည့် အဖြစ်များရှိနေကြောင်း၊ ယင်းကဲ့သို့ကြောင့် အဆိုပါ ကျေးရွာသုံးရွာမှ ရေသောက်ဧရိယာ ၅၀ဝ ဧကအတွက် တောင်သူများ နှစ်စဉ် ရေလုံလောက်စွာရရှိမှု မရှိသဖြင့် အခက်အခဲ ဖြစ်ပေါ်နေသဖြင့် လျှပ်စစ်စက်ရေတင်စီမံကိန်းတစ်ခု တည်ဆောက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပညာရှင်များနှင့် ဌာနဆိုင်ရာများ ကွင်းဆင်းကြည့်ရှု့ပြီး ဆောင်ရွက်ရန် အဆင်ပြေပါက အနီးစပ်ဆုံး ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်ချထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)


