စစ်ကိုင်း  ၈  မတ်    


စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာ အကယ်ဒမီအတွင်း  တည်ဆောက်လျက်ရှိသည့် သီတဂူအဘိဓဇ မော်ကွန်းတိုက်မှာ လက်ရှိတွင် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်းသီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာ အကယ်ဒမီ လက်ထောက် ဆရာတော် ဒေါက်တာသုန္ဒရက မြွတ်ကြားသည်။


သီတဂူဆရာတော် ဘုရားကြီး၏ ဘဝတစ်လျောက် သာသနာပြုခဲ့သော ပုံရိပ်များအား အများပြည်သူ ဖူးမြော်နိုင်ရန် အတွက် သီတဂူအဘိဓဇ မော်ကွန်းတိုက် တည်ဆောက်၍ ပြသသွားမည်ဖြစ်ရာ တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၆  ခုနှစ် မတ်လအတွင်းက တည်ဆောက်လျက်ရှိပြီး လက်ရှိမှာ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီး ကုန်ကျငွေ အနေဖြင့် သိန်းပေါင်း ၃၀ဝ၀ ခန့် အနည်းဆုံး ကုန်ကျမည်ဖြစ်ကြောင်း သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာ အကယ်ဒမီမှ သိရသည်။


''တည်ဆောက်ရေးလုပ်ငန်းကတော့ ၇၅ ရာခိုင်နှုန်းပြီးစီးနေပါပြီ အဆောက်အဦက ဆေးသုတ်ခြယ်သရုံပဲ ကျန်တော့တယ်။ အထဲမှာ ဆရာတော်ကြီးနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ထားရှိဖို့ စီမံရမှာ တစ်ကဏ္ဍပေါ့နော်။ ပစ္စည်းတွေက ရှိပြီးသားပါ အပြင်ကပြီးမှ အထဲကို ထည့်မှာ၊ဘယ်တော့ပြီးမလဲ ဆိုတာ ရက်အတိအကျ မပြောနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ ဆရာတော်ကြီးက ပုံသေလုပ်တာ မလုပ်ဘူး သူစိတ်ကူးရ ရသလို လုပ်တာဆိုတော့။ဆောက်ပြီးသားဟာလည်း ပြန်ဖျက်ရင် ဖျက်တာ ၊အဲဒါကြောင့် အတိအကျတော့ မပြောလိုဘူး "ဟု သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာ အကယ်ဒမီ လက်ထောက် ဆရာတော် ဒေါက်တာသုန္ဒရ က မြွက်ကြားသည်။


အဆိုပါ သီတဂူအဘိဓဇ မော်ကွန်းတိုက်တွင်  သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏  အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက် ရွှေကျင် သာသနာပိုင် သီတဂူ ဆရာတော်  ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ၏ ပညာသင်ကြားခဲ့သည့် ပုံရိပ်များ၊မြန်မာပြည်ဒေသ အနှံ့အပြားနှင့် ပြည်ပနိုင်ငံများသို့ လှည့်လည် သာသနာပြုခဲ့သည့် ပုံရိပ်များ၊ရရှိခဲ့သော ဘွဲ့တံဆိပ်တော်များ၊ဘဝတစ်သက်တာ ပြုလုပ်ခဲ့သော ကုသိုလ် ကောင်းမှုများ၊ ပရဟိတလုပ်ငန်းများကို  အများပြည်သူ ဖူးမြော်နိုင်ရန် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။


ထို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့က ဆပ်ကပ်လှူဒါန်းသော အဘိဓဇမဟာ ရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်အား သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက်ရွှေ ကျင် သာသနာပိုင် သီတဂူ ဆရာတော်  ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရမှ ရရှိခဲ့သည့်  အထိမ်းအမှတ်အနေဖြင့် သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာ အကယ်ဒမီအတွင်း ဉာဏ်တော် (၃၇)ပေ အမြင့်ရှိ သီတဂူအဘိဓဇ စေတီတော် တည်ထား ကိုးကွယ်ထားကြောင်း သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာ အကယ်ဒမီ လက်ထောက် ဆရာတော် ဒေါက်တာ သုန္ဒရ က မြွက်ကြားသည်။


စစ်ကိုင်းတောင်ရိုး၊ တောင်ဖီလာစေတီတော်အနီးရှိ မြေဧက အကျယ် (၇၀ ဒသမ ၂၆ )ဧကအကျယ်အဝန်း ပေါ်တွင်  သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာ အကယ်ဒမီကို ၂၀၁၀ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လ (၁၂) (တပေါင်းလပြည့်နေ့ ) သီတဂူ ဆရာတော်ဘုရားကြီး သက်တော် (၈၀)ပြည့် မွေးနေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 


ကိုမင်း(အင်းတော်)