စစ်ကိုင်း ၈ မတ်
စစ်ကိုင်းမြို့၊ ကမ်းနားလမ်းတစ်လျှောက်တွင် မြို့ပြဖွံ့ဖြိုးရေးအတွက် RIVER VIEW ဟိုတယ်ဇုန် စီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်နေကြောင်း စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။
စစ်ကိုင်းမြို့၊ အင်းဝတံတား (စစ်ကိုင်း) အနီး ပတ်ဝန်းကျင်းမှ ကမ်းနားလမ်းတစ်လျှောက် စစ်ကိုင်းမြို့နယ် နောက်ကြည့်ကျွန်း ကျေးရွာအထိ မြို့ပြဖွံ့ဖြိုးရေး အတွက် RIVER VIEW ဟိုတယ်ဇုန် စီမံကိန်း၊ ကုန်တင်ကုန်ကျ ဆိပ်ကမ်းတစ်ခုနှင့် လူနေအိမ်ရာများ တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်ရန် လက်ရှိတွင် ကုမ္ပဏီများကို ဖိတ်ခေါ်ထားကြောင်း စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။
''တိုင်းဒေသကြီးအစိုးရအဖွဲ့က နေပြည်တော်မှာ ကျင်းပတဲ့ Investment Forum တုန်းက တရားဝင်ဖိတ်ခေါ်ထားတယ်။ အင်းဝတံတား အနီးကနေစပြီး နောက်ကြည့်ကျွန်းထိ ကမ်းနားတစ်လျှောက်ကို အဆင်မြှင့်တင်ဖို့အတွက်ကို Developer ခေါ်ထားတာ ရှိတယ်။အဓိက ကတော့ ဟိုတယ်ဇုန် လုပ်ချင်တာပေါ့၊ ဆိပ်ကမ်းတို့၊ လူနေအိမ်ရာတို့ ပါရင်ပါမှာပေါ့။ တရားဝင်ပဲ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ကုမ္ပဏီနှစ်ခုက လုပ်ဖို့ အဆိုပြုလွှာ တင်ထားတယ်လို့ ပြောတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ကလည်း ခရီးစဉ်တွေနဲ့ မအားဘူးဖြစ်နေတာ ပြီးလို့ရင် Developer မှာ ခေါ်လိမ့်မယ် Developerတွေရဲ့ တင်ပြချက်အပေါ် မူတည်ပြီးတော့ လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ် "ဟု စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က ပြောသည်။
လက်ရှိပြုလုပ်ရန် စီစဉ်ထားသည့် စီမံကိန်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်ဖြင့် ပြုလုပ်မည့် စီမံကိန်းမဟုတ်ကြောင်း၊ လုပ်ဆောင်လိုသည့် ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံပြီး ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ဆောင်ရွက်ရမည့် စီမံကိန်း ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းသည် မိုင်အားဖြင့် ၁ ဒသမ ၃ မိုင် အရှည်ရှိကြောင်း သိရသည်။
''အခု စီစဉ်ထားတဲ့ စီမံကိန်းက အစိုးရစီမံကိန်းတော့ မဟုတ်ဘူး၊ Developer က သူ့ဘာသူ ပိုက်ဆံစိုက်ထုတ် ရင်းနှီးမြှုပ်နှံပြီး လုပ်နိုင်မှ လုပ်မယ့် စီမံကိန်းကြီးပါ၊ ခုချိန်မှာ ကုမ္ပဏီတွေကို Developer မှာ ခေါ်ထားတယ်၊ ကမ်းလှမ်းထားတယ်။ ကမ်းနားလမ်းတစ်လျှောက်မှာ ဧကအားဖြင့် ဧက ၁၅၀ လောက် ဖော်ထုတ်လို့ရမယ်။ အဲဒီ ဧက ၁၅၀ ဆိုတာက ဟိုတယ်ဇုန်ကို ရည်ရွယ်တာပါ။ နောက်ကြည့်ကျွန်း မပါသေးဘူး၊ နောက်ကြည့်ကျွန်းထိဆို ဧက ၁၅၀ဝ လောက်ရှိမယ် နောက်ကြည့်ကျွန်းထိပါမယ်ဆို လုပ်ရမယ် စီမံကိန်းက အကြီးကြီးဖြစ်မှာပေါ့ "ဟု စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင် ကပြောသည်။
ကိုမင်း(အင်းတော်)


