မန္တလေး ၈ မတ်
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် နိုင်ငံ့ဂုဏ်ဆောင်နှင့် တိုင်းဒေသကြီးဂုဏ်ဆောင်စာပေ၊ အားကစား၊ ကြက်ခြေနီ ထူးချွန်ဆုများ ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် အတွင်းရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ(၁)၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၊ နာယကကြီး ဒေါက်တာ ယုယုမေ က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားရေးဝန်ကြီးဌာနမှ ဝန်ကြီး ဦးစိုင်းပန်းဆိုင် က ကမ္ဘာ့ကုလသမဂ္ဂမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားပြီး မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၊ နာယကကြီး ဒေါက်တာ ယုယုမေ၊ ဝန်ကြီး ဦးစိုင်းပန်းဆိုင်နှင့် တာဝန်ရှိသူများက နိုင်ငံ့ဂုဏ်ဆောင်နှင့် တိုင်းဒေသကြီး ဂုဏ်ဆောင် အမျိုးသား စာပေဆုရှင် စာရေးဆရာမ ဒေါ်နီတာ၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရှင် (၇)ဦး၊ အားကစား ထူးချွန်ဆုရှင် မသန်စွမ်း အမျိုးသမီး (၁၂)ဦးနှင့် ကြက်ခြေနီ ထူးချွန်ဆုရှင် အမျိုးသမီး (၃)ဦးတို့အား ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် ကြင်းတောယန် ဗုဒ္ဓဘာသာ အမျိုးသမီး ပရဟိတ အသင်းမှ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီအား အလှူငွေကျပ် သိန်းတစ်ရာကိုလည်းကောင်း၊ မန္တလေးဒေသကြီး အမျိုးသမီးကော်မတီ နာယကြီးနှင့်အဖွဲ့မှ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မန္တလေးလူငယ်သင်တန်းကျောင်းအား ကွန်ပျူတာများကိုလည်းကောင်း ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီးနောက် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အမျိုးသမီး ကော်မတီတို့ပူးပေါင်း၍ အမျိုးသမီးကဏ္ဍ ဆောင်ရွက်မှု အခြေအနေများ၊ မန္တလေးတိုင်းဒေသကြီးအတွင်း UN,INGOs,(UNDP,Car, Action Aid, MSI) တို့မှ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အခန်းကဏ္ဍများ၊ လုပ်ငန်းခွင် အကြမ်းဖက်မှုနှင့် အိမ်တွင်းအကြမ်းဖက်မှုများ၊ CSOs များမှ အမျိုးသမီးများ နှင့်ပတ်သက်၍ ဆောင်ရွက်ပေးမှု ကဏ္ဍများနှင့် GEN မှ မန္တလေးတိုင်းဒေသကြီး ၂၀၁၈ ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး အထိမ်းအမှတ် (၁၆)ရက်တာ လှုပ်ရှားမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
အဆိုပါ အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန နားမကြားသော ကလေးများကျောင်းမှ "နွေမ" သင်္ကြန်ယိမ်းအကဖြင့်လည်းကောင်း၊ အမျိုးသမီးသက်မွေး အတတ်ပညာသင်တန်းကျောင်းမှ "ဂျိမ်းဖော" အကဖြင့်လည်းကောင်း၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းမှ "ဖိုးဝရုပ်" အကဖြင့်လည်းကောင်း၊ အမျိုးသမီးကလေးများ သင်တန်းကျောင်းမှ "ပန်းကမ္ဘာမျှော်စင်" အကဖြင့်လည်းကောင်း တက်ရောက်လာကြသူများအား ကပြဖျော်ဖြေ တင်ဆက်ကြကြောင်း သိရသည်။
ဇွဲမောင်(မန်း)


