မန္တလေး ၈ မတ်


မန္တလေးတိုင်းဒေသကြီးရှိ မြစ်ကြောင်းများအတွင်း ရှောင်တခင် စစ်ဆေးတွေ့ရှိသည့် စည်းကမ်းပျက် ရေယာဉ်များကို တရားစွဲဆိုထားရာ အမှုပေါင်း ၃၄ မှုရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။


ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှစတင်၍ မန္တလေးတိုင်းဒေသကြီး မြန်မာ့ ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့က မန္တလေးတိုင်းဒေသကြီးရှိ မြစ်ကြောင်းများအတွင်း ပြေးဆွဲနေသည့် ခရီးသည်တင်နှင့် ကုန်တင်ရေယာဉ်များကို သတ်မှတ်ထားသည့် စည်းကမ်းနှင့် ညွှန်ကြားချက်များ လိုက်နာမှု ရှိ၊မရှိ စတင်စစ်ဆေးခဲ့သည်။


"မြစ်ကြောင်းတွေအတွင်း ပိုင်ရှင်မဲ့ ရေယာဉ်တွေ ပပျောက်ရေးအတွက် ရှောင်တခင် စစ်ဆေးတယ်။ မန္တလေးရေကြောင်း ရဲတပ်ဖွဲ့ခွဲနဲ့ပူးပေါင်းပြီး စည်းကမ်း လိုက်နာမှု မရှိတဲ့ ရေယာဉ်တွေ စစ်ဆေးတွေ့ရှိရင် တရားစွဲတယ်။ ထပ်ပြီး ရှောင်တခင်စစ်ဆေးမှုတွေ ဆက်လုပ်သွားမယ်" ဟု အဆိုပါဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသန့်စင်ဦးက ပြောသည်။


ရေယာဉ်များကို ရှောင်တခင် စစ်ဆေးရာတွင် တရားစွဲဆိုထားသည့် ရေယာဉ်အမှုများမှာ မောင်းနှင်ခွင့် မရှိသည့် ရေယာဉ်ကို ကျွမ်းကျင်မှု မရှိဘဲ မောင်းနှင်ခြင်းနှင့် လိုင်စင်မဲ့ ရေယာဉ်များ အများဆုံးဖြစ်ကြောင်း သိရသည်။


အဆိုပါ စစ်ဆေးမှုများ အနေဖြင့် ရေယာဉ်အသင်းများ လုပ်သားများ အနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေများ စည်းကမ်း မသိနားမလည်မှုများရှိခဲ့လျှင် သက်ဆိုင်ရာ ဌာနသို့ တိုက်ရိုက်မေးမြန်း စုံစမ်းနိုင်ကြောင်း သိရသည်။


သူရိန်လင်း