မြောင်းမြ ၈ မတ်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် မြစိမ်းရောင်တောင်တော်ပေါ်ရှိ မြတိဂုံစေတီတော်မြတ်ကြီး ရွှေထီးတော်အား ဉာဏ်တော် (၉)ပေအမြင့်ဖြင့် ပြန်လည် တင်လှူပူဇော်သွားမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက မြစိမ်းရောင် သာသနာ့နယ်မြေ၌ ကျင်းပသော မြို့နယ်သံဃနာယက ဆရာတော်ကြီးများနှင့် သြဝါဒခံယူပွဲမှ သိရသည်။
မြတိဂုံစေတီတော်မြတ်ကြီးမှ စိန်ဖူးတော်၊ ငှက်မြတ်နားတော်အဟောင်းတို့ကို ယခင်လက မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျနှင့် မြစိမ်းတောင် သာသနာ့အကျိုးတော်ဆောင်များက စေတီတော်ကြီးမှ ဖြုတ်ယူပင့်ဆောင်ကာ စိန်ဖူးတော်အတွင်း ဌာပနာသည့် ရွှေငွေရတနာ ပစ္စည်းများကို ဌာနဆိုင်ရာများက စနစ်တကျ စာရင်းဇယားပြုလုပ်မှတ်တမ်းထားရှိပြီး မြစိမ်းတောင် အာရုံခံတန်ဆောင်းအတွင်း၌ အများပြည်သူ ဖူးမျှော်နိုင်ရန် ထားရှိသွားမည်ဖြစ်သည်။
ယခုအခါ ဉာဏ်တော် အမြင့်(၇)ပေရှိ ရွှေထီးတော်ကြီးမှာ ရွှေရောင်အဆင်းများ ပျက်ပြယ်ကာ ဆိုင်းကြိုးများ ပြတ်နေခြင်း၊ မဏ္ဍိုင်အနည်းငယ်တိမ်းစောင်းနေခြင်းကြောင့် အသစ်လဲလှယ်ရန် လိုအပ်သဖြင့် မြို့နယ်သံဃနာယက ဆရာတော်ကြီးများနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြစိမ်းရောင်တောင်တော် သာသနာ့အကျိုးတော်ဆောင်များ ယနေ့နံနက် တွေ့ဆုံညှိနှိုင်းဆုံးဖြတ်ချက်အရ လက်ရှိ ရွှေထီးတော်ကို ဖြုတ်ချပြင်ဆင်၍ ဉာဏ်တော်အမြင့် (၉)ပေရှိ ရွှေထီးတော်အဖြစ် ပြန်လည် အသစ်ပြင်ဆင်ကာ စိန်ဖူးတော် ငှက်မြတ်နားတော်တို့နှင့်အတူ ပြန်လည်တင်လှူ ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
မြတိဂုံ စေတီတော်မြတ်ကြီးကို မြစိမ်းရောင် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဣသရိယ ဘဝနတ်ထံ ပျံလွန်တော်မမူမီ တည်ထား ပြီးစီး၍ ရွှေထီးတော် ငှက်မြတ်နားတော် စိန်ဖူးတော်တို့ အသစ်တင်လှူ ပူဇော်ထားရှိခဲ့ခြင်းဖြစ်ကာ ယခုအခါ စိန်ဖူးတော် ငှက်မြတ်နားတော်အသစ်နှင့် ရွှေထီးတော် ရွှေသင်္ကန်းကပ်လှူခြင်း ၊ စေတီတော် လုံးတော်ပြည့် ရွှေဆေးသင်္ကန်း ကပ်လှူခြင်းကို မြစိမ်းတောင် ဆရာတော်ကြီး၏ တပည့်ဒါယိကာ ဒေါ်ညွန့်ယဉ်ဝင်း၊ အောက်ပုဂံကုမ္ပဏီ ၊ ရန်ကုန်မြို့က မတည်လှူဒါန်းပြီး မြစိမ်းတောင် ဆရာတော်ကြီး၏ မွေးနေ့အမီ ၂၀၁၉ ခုနှစ်၊ မေလအတွင်း တင်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မင်း (မြောင်းမြ)


