မန္တလေး ၈ မတ်
ယခုနှစ် မန္တလေးမြို့တော်မဟာသင်္ကြန်ပွဲတော် ကျုံးပတ်လည်တွင် ရေကစားမဏ္ဍပ်ကြီး (၂၇)နေရာ၊ စတုဒိသာမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် ရေကစားမဏ္ဍပ် (၁၉၆)နေရာ ချထားပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာန သိရသည်။
အဆိုပါ ရေကစားမဏ္ဍပ်များမှ ပေ(၁၀ဝ×၂၅) ရေကစားမဏ္ဍပ်ကြီးများကို ကျုံးအနောက်ဘက်နှင့် ကျုံးမြောက်ဘက်များတွင်သာ ချထားပေးသွားမည်ဖြစ်ပြီး ကျုံးအနောက်ဘက်တွင် (၁၇)နေရာနှင့် ကျုံးမြောက်ဘက်တွင် (၁၀)နေရာ စုစုပေါင်း (၂၇)နေရာ ချထားပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါမဏ္ဍပ်များ အိတ်ဖွင့်လေလံစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ မတ် ၄ ရက်မှ ၁၁ ရက်အထိ လက်ခံသွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။
စတုဒိသာမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် ရေကစားမဏ္ဍပ်များကို ရေကစားမဏ္ဍပ်များကို ကျုံးတောင်ဘက် ၂၆ လမ်း၊ ၆၈ လမ်းမှ ၇၁ လမ်းအထိ (၁၀ ပေ×၁၂ ပေ) ရေကစားမဏ္ဍပ် (၁၁)နေရာ၊ (ပေ ၂၀×၁၂ ပေ) ရေကစားမဏ္ဍပ် (၁၁)နေရာ၊ (ပေ ၃၀×၁၂ ပေ) ရေကစားမဏ္ဍပ် (၁၂)နေရာ၊ ၂၆ လမ်း၊ ၇၄ လမ်းမှ ၇၈ လမ်းအထိ၊ (၁၀ ပေ×၁၂ ပေ)ရေကစားမဏ္ဍပ် (၁၈)နေရာ၊ (ပေ ၂၀×၁၂ ပေ) ရေကစားမဏ္ဍပ် (၁၈)နေရာ၊ (ပေ ၃၀×၁၂ ပေ) ရေကစားမဏ္ဍပ် (၁၈)နေရာ၊ ကျုံးတောင်ဘက်တွင် ရေကစားမဏ္ဍပ် စုစုပေါင်း(၈၈)နေရာ နှင့် ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ၁၂ လမ်းမှ ၁၉ လမ်းအထိ (၁၀ ပေ×၁၂ ပေ) ရေကစားမဏ္ဍပ် (၂၄)နေရာ၊ (ပေ ၂၀×၁၂ ပေ) ရေကစားမဏ္ဍပ် (၂၆)နေရာ၊ (၃၀ ပေ×၁၂ ပေ) ရေကစားမဏ္ဍပ် (၂၈)နေရာ၊ ၆၆ လမ်း၊ ၂၃ လမ်းမှ ၂၆ လမ်းအထိ (၁၀ ပေ×၁၂ ပေ) ရေကစားမဏ္ဍပ် (၉)နေရာ၊ (ပေ ၂၀×၁၂ ပေ) ရေကစားမဏ္ဍပ် (၉)နေရာ၊ (၃၀ ပေ×၁၂ ပေ) ရေကစားမဏ္ဍပ် (၁၂)နေရာတို့ဖြစ်ပြီး ကျုံးအရှေ့ဘက်တွင် ရေကစားမဏ္ဍပ် စုစုပေါင်း (၁၀၈)နေရာ ချထားပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါရေကစားမဏ္ဍပ်များအား ဦးရာလူစနစ်ဖြင့် လျှောက်လွှာများကို မတ် ၄ ရက်မှ စတင်လက်ခံခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။
နေ့/ည ဈေးတန်းပါ တောသင်္ကြန်ဆိုင်ခန်းများကို ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ၁၉ လမ်းမှ ၂၃ လမ်းအထိ ဆိုင်ခန်းပေါင်း ၂၁၈ ခန်းအား ဦးရာလူစနစ်ဖြင့် နေရာချထားပေးမည်ဖြစ်ပြီး မတ် ၆ ရက်မှ စတင်လျှောက်ထားခွင့်ပြုခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ပြည်ထောင်စုပုံရိပ်ကို ဖော်ညွှန်းသည့် တိုင်းရင်းသားသွေးချင်းများ၏ ရိုးရာသင်္ကြန်ကို ကျုံးတောင်ဘက် ၂၆ လမ်း၊ ၆၆ လမ်းနှင့် ၆၈ လမ်းကြားတွင် နေရာချထားပေးမည်ဖြစ်ကြောင်း သိရပြီး ကျုံးမြောက်ဘက် (၇၆ လမ်းမှ ၈၀ လမ်း)အထိ မိသားစုလိုက် ရေစုပ်စက်နှင့် ရေကစားချင်သူများအတွက် နေရာစီစဉ်ပေးသွားမည်ဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။
ယခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်တွင် ရေကစားမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်များအပြင် ပြည်ထောင်စုပုံရိပ်ကို ဖော်ညွှန်းသည့် တိုင်းရင်းသားသွေးချင်းများ၏ ရိုးရာသင်္ကြန်လည်း ပါဝင်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


