လားရှိုး ၈ မတ်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက် ၈ နာရီတွင် လားရှိုးမြို့ရှိ လူထုအခြေပြုဗဟိုဌာန RC (၇)ထပ် အဆောက်အဦ ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ အဆောက်အဦအား တာဝန်ယူ တည်ဆောက်နေသော မြန်မာ့ကြယ်စင်လင်းကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဧရာလင်းက အဆောက်အဦ တည်ဆောက်နေမှု အခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
အဆိုပါအဆောက်အဦသည် RC (၇)ထပ် အဆောက်အဦဖြစ်ပြီး အလျား ၆၅ ပေ၊ အနံ ၄၁ ပေရှိကာ စာအုပ်အရောင်းဆိုင်၊ ကလေးစာဖတ်ခန်း၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း၊ ပြည်သူ့စာကြည့်တိုက်ခန်းမ၊ သင်တန်းခန်းမ၊ အနုပညာခန်းမ၊ ဘက်စုံသုံးခန်းမ၊ အစည်းအဝေးခန်းနှင့် အားကစားခန်းမ၊ ဟင်းလင်းပြင် လေ့ကျင်ရေးကွင်းများ ပါဝင်ကြောင်း သိရသည်။
လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန တည်ဆောက်နေမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ စိုက်ပျိုးရေးဝန်ကြီး၊ ပြည်နယ်အတွင်းရေးမှူးနှင့် ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူးတို့ကလည်း လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံ ဆရာဝန်အသင်း(လားရှိုး)၏ ဆဋ္ဌမအကြိမ်မြောက် ဆေးပညာညီလာခံ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)


