နေပြည်တော် ၈ မတ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (သတ္တုရေးရာ) အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရုံးအမှတ် (၁၉)ရှိ သီရိရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦးက အစိုးရဌာနအဖွဲ့အစည်းများ၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)များ ဖွဲ့စည်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတရုံးမှ ရှေ့ပြေးစီမံကိန်းအဖြစ် ပြည်ထောင်စုဝန်ကြီးဌာန (၁၄)ခုတွင် ဖွဲ့စည်းဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း၊ ရှေ့ပြေးစီမံကိန်း၏ ပထမအဆင့်အနေဖြင့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းရေး မူဝါဒပိုင်းအတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါကြောင်း၊
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်တို့ပူးပေါင်း၍ နည်းပညာဆိုင်ရာ သင်တန်းကို မိမိတို့ဝန်ကြီးဌာနမှ သင်တန်းသား (၁၀)ဦး တက်ရောက်ခဲ့ပါကြောင်း၊ CPU ၏ ရည်ရွယ်ချက်မှာ အဂတိလိုက်စားမှုပြဿနာ ပေါ်ပေါက်နိုင်သော အခြေအနေများကို ကြိုတင်စိစစ်ဖော်ထုတ်ရန်၊ တွေ့ရှိလာသော ပြဿနာကို သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းရန် (သို့မဟုတ်) အရေးယူရန်၊ ဌာနဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များတွင် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေများရှိ-မရှိ ဆန်းစစ်အကဲဖြတ်ချက် ပြုလုပ်ရန်၊ ဝန်ထမ်းများအား အနာဂတ်ကာလတွင် အဂတိလိုက်စားမှုများ ဆက်လက်မဖြစ်ပေါ်စေရေး တားမြစ်သွားနိုင်ရန်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် လုပ်ငန်းအလိုက်၊ ဌာနခွဲအလိုက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်ကြောင်း ပြောကြားသည်။
ပြီးနောက် သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအုန်းလွင်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


