ရန်ကုန် ၈ မတ်
မြန်မာနိုင်ငံဗိသုကာအသင်းနှင့် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့က ပူးပေါင်းပြီး မြို့ပြစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ခေါင်းစဉ်ဖြင့် နည်းပညာ ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ကျင်းပသည်။
ရှေးဦးစွာ ဟောပြောပွဲတွင် မြန်မာနိုင်ငံဗိသုကာအသင်း ဥက္ကဋ္ဌ ဦးမော်လင်းက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပတ်ဝန်းကျင် ပြောင်းလဲလာပုံ ဆီလျော်အောင် နေထိုင်ခြင်းနှင့် ကြံကြံခိုင်နိုင်သော မြို့ပြစနစ် လူနေမှုအကြောင်း၊ Genesis Foundation တည်ထောင်သူ ဦးဘိုဘိုဇင်က Block chain technology နှင့် မြို့ပြစီမံခန့်ခွဲမှုအတွက် စိန်ခေါ်မှုအကြောင်း၊ City of Saginaw, Texas, USA မှ City Manager Mr. Gabe Reaume က မြို့ပြ မြေယာအသုံးချမှု အစီအစဉ် ရေးဆွဲခြင်းနှင့် Building Code အကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမြင့်က မြန်မာနိုင်ငံ မြို့ပြပုံစံအစီစဉ်ရေးဆွဲခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအကြောင်းတို့ကို ဆွေးနွေးဟောပြောကြသည်။
နည်းပညာဟောပြောပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံ ဗိသုကာအသင်း ဥက္ကဋ္ဌ ဦးမော်လင်းက “လူဦးရေတိုးတက်လာတာနဲ့အမျှ မြို့ပြတွေက ဖွံ့ဖြိုးတိုးတက်လာတယ်၊ စနစ်တကျ တိုးတက်ဖို့လိုပါတယ်၊ စနစ်မကျတဲ့ တိုးတက်မှုတွေက နေထိုင်တဲ့ နိုင်ငံသားတွေ မြို့ပြပြည်သူလူထုတွေကို ထိခိုက်နစ်နာစေတဲ့ ကိစ္စတွေရှိတယ်။ မြို့ပြတွေစနစ်တကျ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အရေးကြီးတဲ့ အချက်တစ်ခုက regulation ပေါ့၊ တချို့ဟာတွေက ထိန်းရတာတွေရှိတယ်။ ဥပမာ အဆောက်အအုံတွေဆိုရင် ဘယ်လိုအဆောက် အအုံတွေ ဖြစ်ရမယ်ဆိုတဲ့ ဥပဒေတွေ၊ codes တွေနဲ့ သဘာဝနဲ့ ပတ်သက်လို့ ထိန်းရတာတွေရှိတယ်။ အဲ့လိုပဲ planning codes တွေဆိုတာလည်း ရှိတယ်။ မြို့တွေဟာ ဘယ်နေရာတွေမှာ ဘာတွေရှိရမယ်၊ ဘယ်လိုရှိသင့်တယ်၊ လမ်းတွေက ဘယ်လိုရှိသင့်တယ်၊ ဆက်သွယ်ရေးကောင်းဖို့အတွက် land use ဆိုတဲ့ မြေအသုံးချမှုပုံစံတွေက ဘယ်ပုံဖြစ်သင့်တယ်၊ ပိုပြီးတော့ လူတွေများများသိဖို့ နားလည်ဖို့အတွက် စိမ်းလန်းအမိမြေနဲ့ ပူးပေါင်းကျင်းပတာပါ” ဟု ပြောသည်။
စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက “ဒီနေ့ မြို့ပြမှာ ကြုံတွေ့လာရတဲ့ ဒီရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး မြို့ပြ အစီအစဉ်တွေကို ဘယ်လိုရေးဆွဲသင့်တယ်၊ စီမံခန့်ခွဲသင့်တယ်ဆိုတဲ့ အကြောင်းအရာလေးတွေကို အဓိကထားပြီး ဆွေးနွေးတာဖြစ်ပါတယ်။ မကြာသေးခင်က Myanmar Sustainable Development Plan 2018-2030 ဆိုတာ နိုင်ငံတော်အစိုးရကနေပြီး ထုတ်ပြန်ထားတာရှိပါတယ်။ ဒါအောင်မြင်အောင်လုပ်တဲ့ အထဲမှာ မဟာဗျူဟာတစ်ခုက Sustainable Cities လို့ခေါ်တဲ့ မြို့ပြတွေ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။ အဲဒီထဲမှာ ပါဝင်တဲ့ အရေးကြီးတဲ့အချက်တွေ၊ အကြောင်းအရာတွေအရ ဘာတွေလုပ်ရမယ်ဆိုတာကို ထင်ဟပ်ပြီးဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “အဓိက ဒီအချိန်မှာ လူတွေက မြို့တွေကို ပြောင်းရွှေ့နေထိုင်လာကြတာ ဖြစ်တယ်။ အဲဒီတော့ မြို့တွေက ကြီးမားလာတယ်။ ကြီးမားလာတော့ သဘာဝဘေးအန္တရာယ် ကျမယ်ဆိုလို့ရှိရင် ထိခိုက်နစ်နာမှုတွေ အများကြီး ဖြစ်လာနိုင်တယ်။ ခြိမ်းခြောက်လာတဲ့ သဘာဝဘေးအန္တရာယ်တွေကို ကာကွယ်ဖို့ဆိုရင် မြို့ပြကို ဘယ်လိုစီမံ ဆောင်ရွက်သင့်သလဲ၊ ပုံမှန်သမရိုးကျ ဆောင်ရွက်နေတဲ့ မြို့ပြစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး မော်ဒယ်တွေက အဲဒီနည်းလမ်းတွေက မသင့်တော်တော့ဘူး၊ ရာသီဥတု ပြောင်းလဲခြင်းကိုပါ ထည့်သွင်းစဉ်းစားတဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး နည်းစနစ်တွေ နည်းလမ်းတွေကို အချိန်မီလုပ်မှဖြစ်တော့မယ်” ဟုပြောသည်။
မြို့ပြဖွံ့ဖြိုးရေးအတွက် ငွေကြေးဆိုင်ရာ စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံဗိသုကာအသင်း ဥက္ကဋ္ဌ ဦးမော်လင်းက အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ပြီး စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူ၊ City of Saginaw, Texas, USA မှ City Manager Mr. Gabe Reaume ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမြင့်နှင့် Myanmar Citizens Bank Ltd မှ Former Chief Executive Officer ဒေါက်တာသောင်းဟန်ကတို့က ပါဝင်ဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြသည်။
အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့ပြကျွမ်းရှင်ပညာရှင်များ၊ ဗိသုကာပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များ၊ အင်ဂျင်နီယာကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
(သတင်း-မင်းသစ်၊ သန့်ဇင်ဝင်း/ဓာတ်ပုံ- ဇော်မင်းလတ်)


