နေပြည်တော် ၈ မတ်

သီလဝါအထူးစီးပွားရေးဇုန်အတွင်း လျှပ်စစ်ဓာတ်အား တည်ငြိမ်စွာဖြန့်ဖြူးပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် သီလဝါအထူးစီးပွားရေးဇုန် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်အား သီလဝါအထူးစီးပွားရေးဇုန် ဥက္ကဋ္ဌ ဦးဆက်အောင်နှင့် တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အားရရှိမှု၊ ဖြန့်ဖြူးသုံးစွဲမှုအခြေအနေများ၊ လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေး၊ ဓာတ်အားတည်ငြိမ်ပြည့်ဝစွာ အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး သီလဝါစက်မှုဇုန်အတွင်းရှိ လျှပ်စစ်ဖြန့်ဖြူးရေးစနစ်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများကို လေ့လာသုံးသပ်၍ စက်မှုဇုန်အတွင်း လျှပ်စစ်ဌာန တာဝန်ရှိသူများနှင့် အသေးစိတ်ဆွေးနွေးမေးမြန်းကာ တိုးတက်ကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်သင့်သော ကိစ္စရပ်များကို အကြုံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ ဓာတ်အားခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးသုံးစွဲမှု အခြေအနေများကို လိုက်လံစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

 

1