နေပြည်တော် ၈ မတ် 


၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

1


အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၏ဇနီး၊ ဒုတိယသမ္မတများ၏ဇနီးများ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ဇနီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၏ဇနီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၏ဇနီး၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၏ဇနီး၊  ပြည်ထောင်စုဝန်ကြီးများ၏ဇနီးများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ၏ဇနီး၊ ပြည်ထောင်စုရှေ့နေချုပ်၏ဇနီး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၏ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းအသီးသီးမှ ဌာနေကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

1


အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ၁၉၁၁ ခုနှစ် မတ်လက ရုရှားနိုင်ငံတွင် စက်ရုံမီးလောင်မှုကြောင့် အမျိုးသမီး(၁၄၆)ဦး မီးလောင်သေဆုံးမှုကို အကြောင်းပြုပြီး အမျိုးသမီးအလုပ်သမားများ၏ ကြိုးပမ်းလှုပ်ရှားမှုကြောင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ပေါ်ထွန်းလာခဲ့သည်မှာ နှစ်ပေါင်းတစ်ရာကျော်ရှိပြီ ဖြစ်ပါကြောင်း၊ နှစ်စဉ် မတ်လ(၈)ရက်နေ့ ရောက်တိုင်း ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးထုကို ကိုယ်စားပြုသည့်နေ့အဖြစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကျင်းပကြပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင်လည်း မြန်မာအမျိုးသမီးထု၏ အခန်းကဏ္ဍအရေးပါမှုကို ထင်ဟပ်ပေါ်လွင်စေရန် ယခုကဲ့သို့ နိုင်ငံတော်အခမ်းအနားတစ်ရပ်အဖြစ် ကျင်းပရခြင်းဖြစ်ပါကြောင်း။


၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂက ချမှတ်ပေးသည့် ဦးတည်ချက် ဆောင်ပုဒ်မှာ “ခွင့်တူညီရေး စဉ်းစားလို့စွမ်းရည်မြှင့်ရေး အလေးပေးဖို့၊ ပြောင်းလဲမှုကို ဖန်တီးစို့” “Think Equal, build smart,  innovate for change” ဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ အောင်မြင်ရန်အတွက် ၂၀၃၀ တွင် ကျား-မရေးရာ ၅၀-၅၀ ဖြစ်ရမယ်ဆိုသည့် ပန်းတိုင်ကိုရောက်ရှိနိုင်ရန် ကျား-မရေးရာ တန်းတူညီမျှမှုနှင့် အမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မားလာနိုင်စေမည့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များ၊ ပြည်သူ့ဝန်ဆောင်မှုများ၊ လုပ်ထုံးလုပ်နည်း ယန္တရားများအတွက် လက်ရှိဆောင်ရွက်နေသည့် နည်းလမ်းများအပြင် ပေါင်းစပ်ထားသည့် ချဉ်းကပ်နည်းလမ်းများ၊ သစ်လွင်သည့် အတွေးအခေါ်၊ နည်းလမ်းများကို ဖော်ထုတ်အသုံးပြုရန် လိုအပ်လျက်ရှိကြောင်း ယခုကဲ့သို့ ဦးတည်ချက် ဆောင်ပုဒ်ချမှတ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းထားခြင်းဖြစ်ပါကြောင်း။


မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများ၊ နိုင်ငံရေးပြုပြင် ပြောင်းလဲရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးတို့ကို အဓိကအခြေခံသည့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ဖော်ဆောင်နေသည့် နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုအခြေခံပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တည်ဆောက်နေသည့် နိုင်ငံဖြစ်သည့်အတွက် ကဏ္ဍအသီးသီးတွင် အမျိုးသား၊ အမျိုးသမီး အချိုးညီမျှတစွာ ပါဝင်ရေးသည်လည်း အလွန်အရေးကြီးပြီး အခြေခံကျသည့် ကိစ္စတစ်ခုဖြစ်ပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ တတိယအစည်းအဝေး၏ နိုင်ငံရေးကဏ္ဍအခြေခံမူများတွင် ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး (၃၀)ရာခိုင်နှုန်း ပါဝင်ရေးကို သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ပါကြောင်း။


စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် အမှတ်စဉ်(၅)ပါ ကျား-မတန်းတူညီမျှမှုရရှိရေးနှင့် အမျိုးသမီး စွမ်းပကား မြှင့်တင်ရေးအတွက် ချမှတ်ထားသည့် ဦးတည်ချက် (၉)ချက်၊ အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်းဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံအဆင့် လုပ်ငန်းယန္တရားအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း။


နယ်ပယ်ရပ်အားလုံးတွင် အမျိုးသမီးများ ဟန်ချက်ညီညီ ဖွံ့ဖြိုးလာစေရေးအတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂)ကို ဦးစားပေးလုပ်ငန်း နယ်ပယ်(၁၂)ရပ်ကို အခြေခံပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ မဟာဗျူဟာစီမံကိန်းကို ကျန်ရှိနေသည့် စီမံကိန်းကာလ(၄)နှစ်အတွင်း အရှိန်အဟုန်မြှင့် အကောင်အထည် ဖော်ဆောင်ရွက်သွားရန်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့၊ အမျိုးသမီးများအားနိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ရေး နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့၊ အမျိုးသမီးများအား ကဏ္ဍစုံတွင် ထည့်သွင်းဆောင်ရွက်ခြင်း နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးနည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ (၄)ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း။


ထို့ပြင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်နေပြီဟု သိရှိရပါကြောင်း၊ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဖွံ့ဖြိုးရေး အကူအညီ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (DACU)အောက်တွင် ဖွဲ့စည်းထားသည့် ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (၁၀)ဖွဲ့ (Sector Coordination Group-SCG)တွင် ကဏ္ဍ(၁၀)ရပ်လုံးနှင့် ဆက်စပ်ဆောင်ရွက်မည့် Non Sector Coordination Group အဖြစ် ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Gender Equality and Women’s Empowerment-GEWE) ကို ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းစဉ်များတွင်လည်း ယင်းအဖွဲ့က နည်းပညာဆိုင်ရာ ပံ့ပိုးမှုများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။


ပြန်လည်သုံးသပ်ခြင်းလုပ်ငန်း ဆောင်ရွက်သည့်နေရာတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP)တို့နဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် နည်းလမ်းအသစ်များကို ဖော်ထုတ်ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ နိုင်ငံ၏ဖွံ့ဖြိုးမှုအတွက် အရေးပါသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)တွင်လည်း နိုင်ငံ၏လူဦးရေ ထက်ဝက်ကျော်ရှိသည့် အမျိုးသမီးများအတွက် ပိုမိုအလေးထား ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

လေ့လာမှုစစ်တမ်းတွေအရ မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီးပွားရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ ပညာရေး၊ ကျန်းမာရေး၊ ပြည်သူ့ရေးရာတွင် ပါဝင်မှု၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုသည့် နယ်ပယ်များကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်နေသေးသည်ကို တွေ့ရှိရပြီး ၎င်းနယ်ပယ်ရပ်များတွင်လည်း လက်ရှိဆောင်ရွက်နေသည့် နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများအပြင် အခြားသောနည်းလမ်းများကို တီထွင်ဆန်းသစ်ပြီး ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။


ပဋိပက္ခနှင့်စပ်လျဉ်းသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communique)ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ(၇)ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းပူးတွဲကြေညာချက်တွင် လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် ဦးစားပေးကဏ္ဍ(၆)ရပ် ပါဝင်ပြီး ၎င်းဦးစားပေးကဏ္ဍများကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် အစီအမံများ ချမှတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။


၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီးစွမ်းဆောင်ရှင်များ၏ စီးပွားရေးဆိုင်ရာဖိုရမ်ကို ယနေ့ကျင်းပသွားမည်ဟု သိရှိရပါကြောင်း၊ ယင်းဒီဖိုရမ်ကတစ်ဆင့် အမျိုးသမီးများကို စီးပွားရေးနှင့် ပတ်သက်သည့် စွမ်းဆောင်ရည်များမြှင့်တင်ခြင်းနှင့် စီးပွားရေးလုပ်ငန်းနယ်ပယ်တွင် ကျား-မရေးရာ တန်းတူညီမျှမှု ဆောင်ရွက်နိုင်ရန်အတွက် အခက်အခဲများကို ကျော်လွှားနိုင်မည့် နည်းလမ်းအသစ်များကို ဆွေးနွေးဖော်ထုတ်ပေးကြရမည် ဖြစ်ပါကြောင်း။


မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍကို တစ်ဆင့်ထက်တစ်ဆင့် မြင့်မားတိုးတက်စေရန်၊ ရသင့်ရထိုက်သည့် အခွင့်အရေးများ တန်းတူညီမျှ ရရှိစေရန်အတွက် နိုင်ငံတော်အစိုးရက ဘက်ပေါင်းစုံက ဆောင်ရွက်နေပြီး ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများကလည်း ပူးပေါင်းဆောင်ရွက်ပေးနေသည်ကို တွေ့မြင်ရသည့်အတွက် အတိုင်းမသိ ဝမ်းမြောက်ကြည်နူး မိပါကြောင်း၊ ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်းပါကြောင်း။


တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှု-စီးပွားဘဝ တိုးတက်မြင့်မားရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုသည့် နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်ပန်းတိုင် (၃)ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရေးအတွက် ကျား/မ မရွေး အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် မြန်မာအမျိုးသမီးထု၏ စွမ်းပကားကို ပိုမိုဖော်ထုတ် အသုံးချသွားကြပါ၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိရရှိပြီးဖြစ်သည့် တိုးတက်မှုများကို အရှိန်ရစေမည့် တီထွင်ဆန်းသစ်သည့် နည်းလမ်းများကို ဖော်ထုတ်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

1


ယင်းနောက် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ချိုချိုနှင့် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ၊ လွှတ်တော်နှင့် အဖွဲ့အစည်း အသီးသီးတို့မှ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

1


ထို့နောက် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ချိုချို၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စ ဂျွန်ကွန်နူကီနှင့် ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ နီကိုးလက်စ် ဘာနီးရက်ဒ်တို့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ လှည့်လည်ကြည့်ရှု အားပေးကြသည်။

1


ယင်းနောက် အခမ်းအနား ဒုတိယအပိုင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမျိုးသမီးများဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းရာတွင် မြန်မာနိုင်ငံ၏လူဦးရေသည် ၂၀၁၉ ခုနှစ်တွင် စုစုပေါင်း ၅၄ သန်းကျော်ရှိပါကြောင်း၊ လူဦးရေ၏ ထက်ဝက်ကျော်သည် အမျိုးသမီးများ ဖြစ်ပါကြောင်း၊ နိုင်ငံ၏ဖွံ့ဖြိုးမှုစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရာတွင် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်းများနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်၏မူဝါဒနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ပြဋ္ဌာန်းထားသော ဥပဒေများ ထိရောက်မှုရှိစေရေးနှင့် လိုအပ်သောဥပဒေများ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး အကြံပြုဆောင်ရွက်ရန်၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကြိုတင် ကာကွယ်ရန်နှင့် စောင့်ရှောက်မှုများပေးရန်၊ ဥပဒေများ နားလည်လာစေရန်နှင့် ဗဟုသုတများပြည်စုံစေရေး ဆောင်ရွက်ပေးရန် စသည့် လုပ်ငန်းတာဝန်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။


အကြမ်းဖက်ခံရသော အမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် “One Stop Women Support Center” ကို ရန်ကုန်၊ မန္တလေး၊ လားရှိုးနှင့် မော်လမြိုင်တို့တွင် ဖွင့်လှစ်ထားပြီးဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စုစုပေါင်း အလုပ်လုပ်သူ ၂၁ ဒသမ ၉၁ သန်းတွင် အမျိုးသမီးများ၏ ပါဝင်မှုသည် ၄၁ ဒသမ ၈ ရာခိုင်နှုန်းသာ ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ စီးပွားရေးလုပ်ငန်းများတွင် မြန်မာအမျိုးသမီးများ ပါဝင်မှု တိုးတက်လာစေရေးအတွက် ဝင်ငွေရလုပ်ငန်းများ၊ အလုပ်အကိုင်များနှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းတို့ကိုအား ပေးဆောင်ရွက်ပြီး အမျိုးသမီးများအတွက် စီးပွားရေးလုပ်ငန်းအခွင့်အလမ်းများကို ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားသည်။


ယင်းနောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စ ဂျွန်ကွန်နူကီက ဖတ်ကြားသည်။


ထို့နောက် မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များ၏ လက်တွေ့ဘဝ ဖြတ်သန်းမှု ဗွီဒီယိုမှတ်တမ်းကို ပြသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် စကားဝိုင်းကို ကျင်းပရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများက အမျိုးသမီးများအတွက် ထည့်သွင်းစဉ်းစားထားသော စီးပွားရေးဆိုင်ရာ ဥပဒေများ၊ လုပ်ငန်းများကို မြှင့်တင်ပေးမည့် ပတ်ဝန်းကျင်ကောင်းများ ဖြစ်ထွန်းပေါ် ပေါက်လာစေရေး၊ ကျား-မ တန်းတူညီမျှရေးကို မြှင့်တင်ပေးသော လူမှုကာကွယ်ရေး လုပ်ဆောင်ချက်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၏ အကျိုးခံစားခွင့်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအတွက် ထည့်သွင်စဉ်းစားထားသည့် အစီအစဉ်များ၊ အမျိုးသမီးများအတွက် ဝင်ငွေရလုပ်ငန်းများ၊ အလုပ်အကိုင်များနှင့် စွမ်းဆောင်ရည် တိုးမြှင့်ခြင်းများကို အားပေးခြင်းဖြင့် စီးပွားလုပ်ငန်း အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း စသည့်ကိစ္စရပ်များကို ဆွေးနွေးကြသည်။


ထို့ပြင် မွန်းလွဲပိုင်းတွင် အမျိုးသမီးများအတွက် စီးပွားရေးစွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့်ပတ်သက်သော စွမ်းရည်များ၊ တတ်ကျွမ်းမှုပညာရပ်များ၊ အသေးစား ငွေချေးခြင်းလုပ်ငန်းများ၊ ယက်ကန်းနှင့် လက်မှုပညာရပ်ဆိုင်ရာ ပညာရပ်များကို ရှင်းလင်းပြသ ဆွေးနွေးခဲ့ကြသည်။ 


(သတင်းစဉ်)