နေပြည်တော်  ၈ မတ်

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ယနေ့ ညနေ ၆ နာရီတွင် နေပြည်တော်၊ Park Royal Hotel ၌ ကျင်းပသည့် လွှတ်တော်ရုံးများမှ အရာထမ်းများအတွက် သံတမန်ရေးရာ အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ JCC ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ယခု ဖွင့်လှစ်ခဲ့သည့် သံတမန်ရေးရာအခြေခံသင်တန်း (Basic Course in Diplomacy) သင်တန်းသည် The Asia Foundation နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သင်ကြားပို့ချ ပေးသည့်သင်တန်းဖြစ်ပါကြောင်း၊ သင်တန်းပို့ချချက်များအရ လွှတ်တော်ရုံးဝန်ထမ်းများအနေဖြင့် သံတမန်ရေးရာနှင့် ပတ်သက်ပြီးယခင်ထက်ပိုမို သိရှိလာပြီး လုပ်ငန်းခွင်၌ ပြန်လည်အသုံးချနိုင်မည်ဖြစ်၍ မြန်မာလွှတ်တော်အနေဖြင့် နိုင်ငံတကာလွှတ်တော်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်ဆံရာတွင်ပို၍ အဆင်ပြေချောမွေ့လာမှာဖြစ်ပါကြောင်း၊ သံတမန်ရေးရာဘာသာရပ်သည် ဝန်ထမ်းများ စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေရမည့် ပညာရပ်တစ်ခုဖြစ်ပါကြောင်း၊ မိမိလွှတ်တော် တစ်ခုတည်း၊ အဖွဲ့အစည်းတစ်ခုတည်း၊ နိုင်ငံတစ်နိုင်ငံတည်းအတွင်းသာမက မိမိနှင့် ဆက်စပ်နေသည့် နိုင်ငံတကာလွှတ်တော်များ၊ အဖွဲ့အစည်းများနှင့်အမြဲမပြတ် ထိတွေ့ဆက်ဆံရာမှာ အလွန်အရေးကြီးပါကြောင်း၊ ယခုသင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းပို့ချကူညီပေးပါသော နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် The Asia Foundation တို့ကို ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံမှာ သံတမန်ရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ အတွေ့ အကြုံအများဆုံး ဝန်ကြီးဌာနတစ်ခုဖြစ်ကြောင်း၊

အလားတူ သင်တန်းဖွင့်လှစ်နိုင်ရေး ပံ့ပိုးကူညီပေးတဲ့ The Asia Foundation အဖွဲ့သည်လည်း သက်တမ်းအားဖြင့် နှစ်ပေါင်း(၆၀)ကျော် ရှိပြီး လက်ရှိမှာ နိုင်ငံပေါင်း (၁၈) နိုင်ငံမှာရုံးများဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လက်တွဲ ဆောင်ရွက်သည်မှာလည်း (၆) နှစ်ကျော် ကာလရှိပြီဖြစ်သည်ဟု သိရှိရပါကြောင်း၊ The Asia Foundation သည် လွှတ်တော်ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်တိုးတက်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း လေ့လာတွေ့ရှိရကြောင်း၊ သင်တန်းဖြစ်မြောက် အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ပေးပါသော၊ သံတမန်အတွေ့အကြုံ ရင့်ကျက်သည့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် The Asia Foundation တို့ကိုလည်းကောင်း၊ သင်တန်းနည်းပြများ၊ သင်တန်းသို့ တက်ရောက်ခဲ့သော လွှတ်တော်ရုံးများမှ ဝန်ထမ်းများအားလုံးကိုလည်းကောင်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ 

သင်တန်းဆင်းပွဲအခမ်းအနားသို့ လွှတ်တော်ရုံးများနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျွမ်းကျင်ပညာရှင်များ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)