နေပြည်တော် ၈ မတ်
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြု၍ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၌ ရင်ခွင်ပိုက်နေ့ကလေးထိန်းဌာနကို ယနေ့နံနက် ၁၁ နာရီခွဲတွင် ဖွင့်လှစ်သည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံး၌ တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏ အသက် ၃ လ နှင့် ၃ နှစ်ကြားရှိ ရင်ခွင်ပိုက်ကလေးများ ဘက်စုံဖွံ့ဖြိုးရေးအတွက် စနစ်တကျ ပြုစုပျိုးထောင်နိုင်ရန်နှင့် မိခင်ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို စိတ်အေးချမ်းစွာဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် ရည်ရွယ်ပြီး ရင်ခွင်ပိုက်နေ့ ကလေးထိန်းဌာနကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဌာနကို လူမှုဝန်ထမ်းဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ တည်ထောင်ပြီး လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်း၌ သင်တန်းတက်ရောက်ခဲ့သည့် ဆရာမများက ရင်ခွင်ပိုက်ကလေးများကို ပြုစုစောင့်ရှောက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


