နေပြည်တော် ၈ မတ် 


အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။ 


အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီဝင်များ၊ နေပြည်တော်ကောင်စီနယ်မြေ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများဖြစ်သည့် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊  လုပ်ငန်းကော်မတီ (၆)ခုမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။  


အစည်းအဝေးတွင် ဒုတိယသမ္မတက ယခုအခါ နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်လာမှုနှင့်အတူ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ၊ စက်မှုလုပ်ငန်းများနှင့် မြို့ပြ တိုးချဲ့ခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ သယံဇာတ ယိုယွင်းပျက်စီးမှု စသည့် သဘာဝဂေဟစနစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ မဖြစ်ပွားစေရေးအတွက် ခိုင်မာအားကောင်းသည့် “ပတ်ဝန်းကျင်ဆိုင်ရာ အုပ်ချုပ်မှုစနစ်” ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာ “ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု” ကို ရနိုင်မည်ဆိုသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း။
    

ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ကဏ္ဍအသီးသီး၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒပါ “မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်နေကြသူအားလုံး၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန်” ဟူသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များကို ဆက်စပ်ပတ်သက်သူအားလုံးက ဟန်ချက်ညီညီ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
    

လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝသယံဇာတ အရင်းအမြစ်များအပေါ် မှီခိုနေရသကဲ့သို့ တစ်ဆက်တည်းမှာပင် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်လွယ်သော ဒေသများဖြစ်သည့် ကမ်းရိုးတန်းဒေသများနှင့် အပူပိုင်းဒေသများတွင် ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများအပေါ်များစွာ မှီခိုနေရသည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများအပြင် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် လိုက်လျောညီထွေ ရှိစေရေးအတွက် ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည်ဆိုသည်မှာ အထင်အရှားပင် ဖြစ်ပါကြောင်း။
    

ထို့ကြောင့် “အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒ” ကို နိုင်ငံတော်က အတည်ပြုပြီး ဖြစ်သည့်အပြင် ရာသီဥတုပြောင်းလဲမှုနှင့်စပ်လျဉ်း၍ “မြန်မာနိုင်ငံတွင် ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးဆက်များ၏ ချမ်းသာသုခရရှိစေရေးအတွက် ရေရှည်တည်တံ့သော၊ ကြွယ်ဝချမ်းသာမှုရှိသော၊ အားလုံးပါဝင်သော ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိပြီး ကာဗွန်(ထုတ်လွှတ်မှု) လျော့နည်းသော လူမှုအဖွဲ့အစည်းတစ်ရပ် ဖြစ်လာစေရန်” မျှော်မှန်းထားသည့် “မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ ၂၀၃၀ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များ”ကို ပြည်ထောင်စု အစိုးရအဖွဲ့မှ အတည်ပြုပြီးဖြစ်သည့်အတွက် မကြာမီ ထုတ်ပြန်နိုင်တော့မည် ဖြစ်ပါကြောင်း။ 
    

ယခုကဲ့သို့ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ရေးဆွဲထုတ်ပြန်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကော်မတီဝင်များ၊ ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများ၊ နည်းပညာနှင့် ဘဏ္ဍာငွေအထောက်အပံ့ ပေးခဲ့ကြသော နိုင်ငံတကာအဖွဲ့အစည်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း။
    

ယခုအခါ ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးမည့် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ (၆)ခု၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ကြီးကြပ်မှုကော်မတီ (၁၅)ခု၊ ခရိုင်အဆင့် (၄၆)ခု၊ မြို့နယ်အဆင့်(၁၅၂)ခုတို့ကို ဖွဲ့စည်းထားပြီးဖြစ်သကဲ့သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရေရှည်ဆောင်ရွက်သွားမည့် လမ်းပြမြေပုံအဖြစ် မူဝါဒ၊ မဟာဗျူဟာ၊ ပင်မလုပ်ငန်းအစီအစဉ်များကိုလည်း ရေးဆွဲပြီးဖြစ်သည့်အတွက် ကဏ္ဍအသီးသီး၊ အလွှာအသီးသီးတွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အခြေအနေကောင်းများ အဆင်သင့်ရှိနေပြီဖြစ်ပါကြောင်း။


ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့် မိမိတို့နှင့် သက်ဆိုင်ရာကဏ္ဍများတွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် လိုအပ်သည့်ရန်ပုံငွေ ရရှိရေးအတွက် နိုင်ငံတကာမှ အထောက်အပံ့များရရှိအောင် ချိတ်ဆက်ဆောင်ရွက်သွားရမည် ဖြစ်သည့်အပြင် သက်ဆိုင်ရာအစိုးရဌာနများ အနေဖြင့်လည်း ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေးလုပ်ငန်းများ ရွေးချယ်ပြီး နှစ်စဉ်ဘဏ္ဍာငွေရရှိရေး ထည့်သွင်းလျာထားရေးဆွဲရန် လိုအပ်မည် ဖြစ်ပါကြောင်း။ 
     

ယခင်ကျင်းပပြီးစီးခဲ့သည့် ဗဟိုကော်မတီအစည်းအဝေး (၆)ကြိမ်တွင် အစည်းအဝေး ဆုံးဖြတ်ချက်ပေါင်း(၈၄)ချက် ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး(၄၂)ချက်နှင့် ရေရှည်ဆောင်ရွက်ရမည့် (၄၂)ချက်ရှိသည်ကို တွေ့ရပါကြောင်း၊ အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများမှာ စက်မှုဇုန်များတွင် စွန့်ပစ်ပစ္စည်းစီမံမှု လုပ်ငန်းအစီအစဉ်များ၊ ပတ်ဝန်းကျင်နှင့်ညီညွတ်သည့် မြို့ပြဖွံ့ဖြိုးမှု အတွက် ဆုချီးမြှင့်ရေး လုပ်ငန်းအစီအမံများ၊ အရက်ချက်စက်ရုံများတွင် ရေဆိုးသန့်စင်စက်ရုံ တည်ထောင်နေမှုများ၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပရေးအတွက် ပလတ်စတစ်အပါအဝင် အမှိုက်များ စနစ်တကျ သိမ်းဆည်းစုစည်း စွန့်ပစ်ခြင်းဆိုင်ရာ လုပ်ငန်းများ၊ သယံဇာတများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးစေရေးအတွက် သယံဇာတ ယိုယွင်းထိခိုက်ပျက်စီးမှုများ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုများကို ဖြစ်ပေါ်စေနိုင်သည့် လုပ်ငန်းများနှင့် တရားမဝင်သယံဇာတ တူးဖော်ထုတ်ယူမှုများကို ထိရောက်စွာ တားဆီးနိုင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာတို့ကို အသိပညာပေးရေးနှင့် သတင်းပြန်ကြားရေး စသည့် လုပ်ငန်းများပါဝင်သည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာများပြန့်ပွားရေးအတွက် မူလတန်းအဆင့်မှစ၍ တက္ကသိုလ်အဆင့်အထိ သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြားနိုင်ရေး ပေါင်းစပ်ဆောင်ရွက်နေခြင်း စသည့် လုပ်ငန်းများလည်း ပါဝင်ပါကြောင်း၊ ရှေ့ဆက်အချိန်ယူကာ ရေရှည်ဆောင်ရွက်ရမည့် အစည်းအဝေးဆုံးဖြတ်ချက်များကို အချိန်ကာလတစ်ခုသတ်မှတ်ကာ အမြန်ပြီးစီးရေး ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
    

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရေရှည်တည်တံ့သော ထုတ်လုပ်မှုနှင့် စားသုံးမှုပုံစံများဖြစ်စေရန် ဆောင်ရွက်နေကြပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူများ၏အပြုအမူနှင့် နေထိုင်မှုပုံစံများကို ပြောင်းလဲနိုင်ရန်အတွက် စည်းရုံးလှုံ့ဆော် အသိပညာပေးခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်သည့်အပြင် ပြဋ္ဌာန်းထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်တတ်စေရန် တွန်းအားပေးခြင်း၊ သတိပေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းတို့ကိုလည်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
    

မိမိတို့နိုင်ငံအတွင်း ပတ်ဝန်းကျင်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ နည်းပညာများတိုးတက်လာစေရန်နှင့် လိုအပ်သည့်ရန်ပုံငွေများ ရရှိစေရေးတို့အတွက် နိုင်ငံတကာမှ အစိုးရများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားရန် လိုအပ်သည့်အပြင် ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ပုဂ္ဂလိကနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုများကိုလည်း ပိုမိုခိုင်မာအားကောင်းအောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ 
    

ယနေ့အစည်းအဝေးတွင် ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန် (၂၆) ချက်ကို အခြေခံ၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းအပေါ် သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး =ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။


ယင်းနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ၂၀၁၈ ခုနှစ် “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း” (Myanmar Sustainable Development Plan-MSDP) ပါ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်၏ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များကို ပိုမိုကောင်းမွန်သန့်ရှင်းသည့် သဘာဝပတ်ဝန်းကျင် အခြေအနေကောင်းများ လက်ဆင့်ကမ်းပေးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ချဉ်းကပ်ဆောင်ရွက်မည့် အစီအမံများ၊ ရန်ပုံငွေခွဲဝေရရှိနိုင်ရေး၊ အသိပညာပြန့်ပွားရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။ 


ထို့နောက် ဗဟိုကော်မတီ အတွင်းရေးမှူး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ယခင်ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစီအမံများနှင့် ပေါင်းစပ်ဆောင်ရွက်မှု အခြေအနေများ၊ လုပ်ငန်းကော်မတီ(၆)ခု၏ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ 
    

ထို့နောက် ဗဟိုကော်မတီဝင်များဖြစ်ကြသော ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊  အမြဲတမ်းအတွင်းဝန်များ ဖြစ်ကြသည့် ဦးမျိုးမြင့်မောင်၊ ဦးထွန်းအုံ၊ ဦးဝင်းခန့်၊ ဦးခင်မောင်ရီ၊  ဦးတင်မောင်ဦး၊ ဦးကိုကိုလွင်နှင့် ဦးထွန်းထွန်းနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးအောင်သန့်ဇင်နှင့် ဒေါက်တာမျိုးသက်၊  လုပ်ငန်းကော်မတီ (၆)ရပ်မှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးတင်ထွန်း၊ ဦးလဆိုင်း၊ ဦးတီရယ်၊ ဦးစောပြည်သာ၊ ဦးမန်ဟင်းဒါးလ်၊ ဦးမြင့်မောင်၊ ဒေါက်တာ စောညိုဝင်း၊ ဦးမြင့်ဇော်၊ ဒေါက်တာမင်းကြည်ဝင်း၊ ဦးကျော်လွင်နှင့် ဦးဟံထွန်းတို့က ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ၊ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအပေါ် တွေ့ကြုံနေရသည့်အခက်အခဲများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေအရ ကာကွယ်ကြပ်မတ် ဆောင်ရွက်နေမှုများ၊ ဥပဒေ၊ နည်းဥပဒေ ထုတ်ပြန်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် စစ်ဆေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
    

ဆက်လက်၍ ဗဟိုကော်မတီအတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဆွေးနွေးဆုံးဖြတ်ရန် အဆိုပြုချက်များနှင့် ဗဟိုကော်မတီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် အစည်းအဝေးဆုံးဖြတ်ချက် (၁၁)ချက် ချမှတ်ခဲ့သည်။ 


ထို့နောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။    


(သတင်းစဉ်)