နေပြည်တော် ၈ မတ်
Joint Peace Fund ၏ ပံ့ပိုးမှုဖြင့် ကနေဒါနိုင်ငံ၊ European Union နှင့် အီတလီနိုင်ငံသံရုံးတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်ခြင်းဆိုင်ရာ အရေးပါမှု အထိမ်းအမှတ် ဧည့်ခံပွဲကို ယနေ့ ညနေ ၅ နာရီခွဲတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် ဦးတင်မြင့်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ အမျိုးသမီးများအနေဖြင့် အမျိုးသားများနှင့်အတူ ကဏ္ဍစုံလုပ်ငန်း နယ်ပယ်တွင် တန်းတူညီမျှ ပါဝင်ခွင့်ရရှိစေရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို အစိုးရဌာနများသာမက အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြင့် ထည့်သွင်းဖွဲ့စည်းထားပြီး နိုင်ငံတော်အဆင့် လုပ်ငန်းယန္တရားကြီးတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ အမျိုးသမီးများ၏ဘဝ အမှန်တကယ်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး H.E. Mrs. Alessandra Schiavo၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး H.E.Ms.Karen MacArthur နှင့် မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး H.E.Mr.Kristian Schmidt တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာကြသူများသည် အထိမ်းအမှတ်ဧည့်ခံပွဲတွင် တည်ခင်းဧည့်ခံသည့် စားသောက်ဖွယ်ရာများကို အတူတကွသုံးဆောင်ကြသည်။
(သတင်းစဉ်)


