ရန်ကုန် ၈ မတ်
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရခိုင်ဌာနခွဲတွင် အသုံးပြုရန်အတွက် ဂျပန်နိုင်ငံအစိုးရမှ ပေးအပ်လှူဒါန်းသည့် ကမ်းရိုးတန်းသွား ကစ္ဆပနဒီ ရေယာဉ်သုံးစင်းအနက် နောက်ဆုံးအစင်းဖြစ်သည့် ကစ္ဆပနဒီ-၃ အမြန်ရေယာဉ်သည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ကျောက်ချစခန်းသို့ ရောက်ရှိသည်။
ကျောက်ချစခန်း၌ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများက ကစ္ဆပနဒီ-၃ အမြန် ရေယာဉ် တင်ဆောင်လာသည့် MV.ISUZU သင်္ဘောကြီးပေါ်သို့ တက်ရောက်ပြီး ရေယာဉ်ရေပေါ်သို့ရေမချမီ ကြိုတင်စစ်ဆေးမှုများ ပြုလုပ်ကြသည်။
ဂျပန်နိုင်ငံမှ The Economic and Social Development Programme FY 2016 အစီအစဉ်အရ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရခိုင်ဌာနခွဲတွင် အသုံးပြုရန်အတွက် ဂျပန်ယန်းသန်း (၁၀ဝ၀)တန်ဖိုးရှိ ကမ်းရိုးတန်းသွား ကစ္ဆပနဒီ-၃ ရေယာဉ်သစ်ကို ဂျပန်နိုင်ငံ တိုကျိုမြို့ SUMIDAGAWA Shipyard တွင် အသစ်တည်ဆောက်ခဲ့ရာ ဇန်နဝါရီလတွင် လုပ်ငန်းပြီးစီး၍ ရေယာဉ်သစ်ကို ဖေဖော်ဝါရီ (၁၈)ရက်က မြန်မာနိုင်ငံ ကျောက်ဖြူမြို့သို့ပို့ဆောင်ရန် ဂျပန်နိုင်ငံ၊ YOKOHAMA ဆိပ်ကမ်းမှ ရေယာဉ်တင် သင်္ဘောကြီးဖြင့် တင်ဆောင်လာရာ ကျောက်ဖြူမြို့ ကျောက်ချစခန်းသို့ ယနေ့နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကစ္ဆပနဒီ-၃ အမြန်ရေယာဉ်သည် ခရီးသည် ၁၅၀ တင်ဆောင်နိုင်ပြီး တစ်နာရီရေမိုင် (၂၀)အထိ ခုတ်မောင်းသွားလာနိုင်သည်။
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသည် ဂျပန်နိုင်ငံအစိုးရ၏ ကူညီမှုဖြင့် ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ ရေလမ်းခရီး၌ အသုံးပြုရန် ခရီးသည်တင် အမြန်ရေယာဉ် (၂)စင်းနှင့် ယခုကမ်းရိုးတန်းသွား အမြန်ရေယာဉ် ကစ္ဆပနဒီ-၃ ရေယာဉ် စုစုပေါင်း ရေယာဉ် (၃)စင်းကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။
(သတင်းစဉ်)


