နေပြည်တော်  ၈ မတ်  
    

ကမ္ဘာ့နိုင်ငံအားလုံးမှ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review−UPR) ဆိုင်ရာ အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ရေးနှင့် အစီရင်ခံစာရေးသားပြုစု တင်ပြနိုင်ရေးလုပ်ငန်း ကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    

အစည်းအဝေးပွဲ၌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက Universal Periodic Review(UPR)သည် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ်ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် အမှတ်(၆၅/၂၅၁)အရ ဆောင်ရွက်ရသော လုပ်ငန်းစဉ် ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ဒုတိယအကျော့ (Second Cycle) သုံးသပ်မှုခံယူခဲ့စဉ်က အဖွဲ့ဝင်နိုင်ငံပေါင်း ၉၃နိုင်ငံမှ အကြံပြုတိုက်တွန်းချက်ပေါင်း (၂၈၁)ချက်အနက် အကြံပြုချက် (၁၆၆)ချက်ကို လက်ခံခဲ့ကြောင်း၊ Universal Periodic Review (UPR) အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးအမျိုးသားအဆင့် ကော်မတီကို ဖွဲ့စည်း၍ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကဏ္ဍ(၁၂) ရပ် သတ်မှတ်ထားကြောင်း၊ ၂၀၂၀ ခုနှစ်တွင် တင်ပြမည့် မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာရေးသား ပြုစုရာတွင် ယခုလုပ်ငန်းကော်မတီသည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေးပြုပြင်ပြောင်းလဲရေး ဆိုင်ရာအကြံပြုချက် ၁၉ ချက်အပေါ် လေ့လာတင်ပြရမည်ဖြစ်ကြောင်း၊ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ပေါ်မှုများကို ပြည့်ပြည့်စုံစုံဖော်ပြနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း အကြံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။ 
    

ထို့နောက် ဌာနအဖွဲ့အစည်းအသီးသီးက အစီရင်ခံစာပြုစုရာတွင် ပါဝင်သင့်သည့် အကြောင်းအရာများ၊ လုပ်ငန်းအဖွဲ့များဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။


(သတင်းစဉ်)