ရန်ကုန် ၈ မတ်
ဂျာမနီ လက်ကားရောင်းဝယ်ရေး လုပ်ငန်းစုကြီးဖြစ်သော METRO ၏ နိုင်ငံတကာ လုပ်ငန်းခွဲများစာရင်းတွင် (၃၆)နိုင်ငံမြောက်အဖြစ် မြန်မာနိုင်ငံဈေးကွက်သို့ စတင်ဝင်ရောက်ခြင်း အခမ်းအနားကို ယနေ့ညပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ပဲခူးကလပ်၌ ပြုလုပ်သည်။
အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက “မြန်မာနိုင်ငံအနေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ စီမံကိန်းများ၊ အလုံးအရင်းဖြင့် ဝင်ရောက်လျက်ရှိပြီး၊ တစ်ချိန်တည်းမှာပင် နိုင်ငံအသီးသီးက ကုမ္ပဏီများသည်လည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတွက် စိတ်ဝင်တစား ရှိနေသည်ကို သိရပါကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများအား စည်းကမ်းချက်များနှင့်အညီ ပြည်တွင်းတွင် လက်လီလက္ကားရောင်းချခြင်းအား ၂၀၁၈ ခုနှစ်၊ မေ ၉ ရက်မှစ၍ ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ ထိုသို့ခွင့်ပြုခြင်းအားဖြင့် ပြည်တွင်းထုတ်ကုန်များဈေးကွက်တွင် ပိုမိုရရှိစေပြီး၊ အငယ်စား၊ အသေးစား၊ အလတ်စား လုပ်ငန်းများကို ပြည်တွင်းလက်လီ၊ လက္ကားဆိုင်များ၊ ကုန်စုံဆိုင်များ၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းများကို ပိုမိုဖွံဖြိုးတိုးတက်စေမည် ဖြစ်ပါကြောင်း” ပြောကြားသည်။
ထို့နောက် Yoma Strategic Holding ၏ CEO Mr. Melvyn Pun က အမှာစကားပြောကြားပြီး METRO group မှ Chief Operation Officer Philippe Palazzi က မက်ထရိုမှ မြန်မာနိုင်ငံအတွင်း ကုန်ပစ္စည်းဖြန့်ချိရောင်းချသွားမည့် အခြေအနေ၊ METRO Wholesale Myanmar ၏ CEO ဖြစ်သူ Mr. Jens Michel က ဘေးအန္တရာယ်ကင်းသည့် စားသောက်ကုန်များ ဖြန့်ချိရောင်းချမှုနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများရရှိရန် မွမ်းမံသင်တန်းများ သင်ကြားပို့ချသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
METRO သည် မြန်မာနိုင်ငံတွင် လက္ကားရောင်းဝယ်ရေးစတိုးဆိုင်များစွာ တည်ဆောက်၍ ဖြန့်ဖြူးရောင်းချသွားမည် မဟုတ်ဘဲ၊ e-Commerce နှင့် သယ်ယူပို့ဆောင်ရေးစနစ်များကို အသုံးပြုထားပြီး စားသုံးသူများ လွယ်ကူအဆင်ပြေ ချောမွေ့စွာဖြင့် တစ်နေရာတည်းတွင် လိုအပ်သည်များ အားလုံးဝယ်ယူရရှိနိုင်သော ဒီဂျစ်တယ်နည်း ပညာသုံးအရောင်းစနစ် ထားရှိကာ ရန်ကုန်မြို့ရှိ သီလဝါ အထူးစီးပွားရေးဇုန်တွင် တည်ဆောက်ထားသော ၅၈၀၀ စတုရန်းမီတာအကျယ် အဝန်းရှိ ခေတ်မီ ပင်မသိုလှောင်ရုံကြီးမှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်း ဝန်ဆောင်မှု ပေးသွားမည့် အဓိက လက္ကားရောင်းဝယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
METRO သည် METRO Cash & Carry စားသောက်ကုန် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများကို နိုင်ငံပေါင်း(၃၆)နိုင်ငံတွင် လုပ်ကိုင်လျက်ရှိပြီး ကမ္ဘာတစ်ဝန်း ဝန်ထမ်းဦးရေ တစ်သိန်းကျော်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် METRO လက္ကားရောင်းဝယ်ရေးဌာန၏ အရောင်းစံချိန်သည် ယူရိူ ၂၉ ဒသမ ၅ ဘီလီယံအထိရှိကြောင်း သိရသည်။
သတင်း-မင်းသစ်၊ သန့်ဇင်ဝင်း၊ ဓာတ်ပုံ-ဇော်မင်းလတ်


