နေပြည်တော် ၉ မတ်


မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးလေးဦးနှင့် ဒေသခံကုန်သည် တစ်ဦးတို့သည် ယနေ့ ညနေပိုင်းတွင် မြောက်ဦးမြို့မရဲစခန်းအချုပ်မှ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တပ်မတော်အရာရှိတစ်ဦးက တရားလိုပြုလုပ် တိုင်ကြားချက်အရ မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး လေးဦးနှင့် ဒေသခံကုန်သည်တစ်ဦးတို့အား မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁)/ ၁၇(၂)တို့ဖြင့် မြောက်ဦးမြို့မရဲစခန်းမှ ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ သို့ရာတွင် တရားလိုဘက်မှ လုံလောက်သော သက်သေခံအထောက်အထားတင်ပြနိုင်ခြင်းမရှိ၍
ကျေးရွာအုပ်ချုပ်ရေးမှူးများဖြစ်သော ဦးအောင်နိုင်ထွန်း၊ ဦးစိန်လှမောင်၊ ဦးမောင်ဦးစိန်၊ ဦးမောင်တင်ချေနှင့် ဒေသခံကုန်သည် ဦးကျော်သန်းတို့အား တရားစွဲဆိုရန် မသင့်ကြောင်း ဥပဒေအကြံပြုချက်အရ ယနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် မြောက်ဦးမြို့မရဲစခန်းအချုပ်မှ ပြန်လည်လွှတ်ပေး လိုက်ပြီးဖြစ်ကြောင်းနှင့် အမှုပိတ်သိမ်းရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း မြောက်ဦးမြို့မရဲစခန်းမှ သိရှိရသည်။

Ref; Information Committee