နေပြည်တော် ၉  မတ် 


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း (နေပြည်တော်) တို့ပူးပေါင်းဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၃/၄) ဖွင့်ပွဲကို ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre) ၌ ယနေ့နံနက် ၈ နာရီက ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားသည်။ 


ထို့နောက် ပျဉ်းမနားမြို့နယ် ဦးစီးမှူးဦးဇော်ဖြိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း(နေပြည်တော်)တာဝန်ခံ ဦးစည်သူဝင်းက သင်တန်းစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအခြေခံကွန်ပျူတာသင်တန်းကို မတ်လ ၉ ရက်နေ့မှ မေလ ၉ ရက်နေ့အထိ နှစ်လကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းအမှတ်စဉ် ၃ ကို အပတ်စဉ် စနေ၊ တနင်္ဂနွေ နံနက် ၉ နာရီမှ ၁ နာရီထိကို သင်တန်းသား ၃၀ ဦးကိုလည်းကောင်း၊ သင်တန်းအမှတ်စဉ် ၄ ကိုအပတ်စဉ် တနင်္လာမှကြာသပတေးနေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ၁၁ နာရီထိကို သင်တန်းသား ၁၅ ဦးဖြင့်လည်းကောင်း စုစုပေါင်း သင်တန်းသား သင်တန်းသူ ၄၅ ဦးကိုသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။  


အဆိုပါဖွင့်ပွဲကို နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်း၊ ခရိုင်ဦးစီးအရာရှိ ဒေါ်သီတာအေး၊ မြို့နယ်ဦးစီးမှူး ဦးဇော်ဖြိုးအောင်နှင့်ဝန်ထမ်းများ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင် (နေပြည်တော်)တာဝန်ခံ ဦးစည်သူဝင်းနှင့် ဝန်ထမ်းများ၊ သင်တန်းဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။


စိုးမိုး(ပြန်/ဆက်)

 

1053