ညောင်ဦး ၉ မတ်       


၂၀၁၉ ခုနှစ် ၊ မတ်လ ၁၄ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကျောက်ကပ်ရောဂါနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြန်မာနိုင်ငံဆရာဝန်များအသင်း ဆီးနှင့် ကျောက်ကပ်ရောဂါပညာရှင်များအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလှိုင် ဦးဆောင်သော ပါမောက္ခဆရာဝန်ကြီးများ ပူးပေါင်းအဖွဲ့က မတ် ၈ ရက် ၊ နံနက် ၁၀ နာရီက ညောင်ဦးမြို့ ခုတင် ၂၀ဝ ဆံ့ ပြည်သူ့ဆေးရုံသို့ လာရောက်ပြီး ဒေသခံပြည်သူများအား ဆီးနှင့် ကျောက်ကပ်ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် လူထုကျန်းမာရေးဆေးဝါးကုသမှုများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


ဆီးနှင့် ကျောက်ကပ်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲတွင် ရှေးဦးစွာ မြန်မာနိုင်ငံဆရာဝန်များအသင်း ဆီးနှင့် ကျောက်ကပ်ရောဂါပညာရှင်များအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး ညောင်ဦးခရိုင် ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်သိန်းက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပါမောက္ခဆရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်သန်းက ကမ္ဘာ့ကျောက်ကပ်ရောဂါနေ့အကြောင်း သိကောင်းစရာများနှင့် နာတာရှည်ကျောက်ကပ်ရောဂါ သက်သာပျောက်ကင်းအောင် ကာကွယ်ကုသနည်းများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ 


ထို့နောက် ပါမောက္ခဆရာဝန်ကြီး ဒေါက်တာ ခင်သီတာသွင် က နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ပွားစေ သော အကြောင်းအရင်များနှင့် ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့်နည်းစနစ်များကို လည်းကောင်း ၊ မြန်မာနိုင်ငံဆရာဝန်များအသင်း ဆီးနှင့် ကျောက်ကပ်ရောဂါပညာရှင်များအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလှိုင် က ကျောက်ကပ် ရောဂါကြောင့် ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း နှင့် နာတာရှည်ကျောက်ကပ်ရောဂါအကြောင်း သိကောင်းစရာများကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး ဟောပြောပေးရာ ညောင်ဦးမြို့ ခုတင် ၂၀ဝ ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ ဆန်းဌေး က ညောင်ဦးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် လူထုကျန်းမာရေးဆေးကုသပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 


ဆက်လက်၍ ကမ္ဘာ့ကျောက်ကပ်ရောဂါနေ့ အထိမ်းအမှတ်အကြို မြန်မာနိုင်ငံဆရာဝန်များအသင်း ဆီးနှင့် ကျောက်ကပ်ရောဂါပညာရှင်များအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလှိုင် ဦးဆောင်သော ပါမောက္ခဆရာဝန်ကြီးများအဖွဲ့က ညောင်ဦးမြို့နယ်အတွင်းရှိ ကျောက်ကပ်ရောဂါဝေဒနာ ခံစားနေရသည့်လူနာ ၃၂ ဦးအား စမ်းသပ်စစ်ဆေးပြီး ဆေးဝါးများဖြင့် အခမဲ့ ကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 


 ရဲဝင်းနိုင် (ညောင်ဦး)

 

LA1