ကျောက်ဖြူ ၉ မတ်
ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ကစ္ဆပနဒီ-၃ အမြန်ရေယာဉ်ကို တင်ဆောင်လာသော ရေယာဉ်တင် သင်္ဘောကြီးသည် ကျောက်ဖြူမြို့ကို ယမန်နေ့နံနက်(၁၀)နာရီခွဲအချိန်ကရောက်ရှိ ကျောက်ဖြူမြစ်ရေလယ်ခေါင်တွင်ရပ်နားပြီး အမြန်ရေယာဉ်အား ညနေ ၃ နာရီအချိန်တွင် ရေချကာ ခိုင်ရာဇာတွဲ သင်္ဘောဖြင့်ယူဆောင်၍ အမှတ်(၂) ငလပွေ့တံတားတွင် ဆိုက်ကပ်လျက်ရှိသည်။
အဆိုပါ ကမ်းရိုးတန်းသွားအမြန်ရေယာဉ်ကို ဂျပန်နိုင်ငံမှ The Economic and Social Development Programme အစီအစဉ်အရ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရခိုင်ဌာနခွဲတွင် အသုံးပြုရန်အတွက် ဂျပန်နိုင်ငံပြည်သူများက လှူဒါန်းသည့် ကစ္ဆပနဒီ-၃ အမြန်ရေယာဉ်အသစ်ကို ရေယာဉ်တင်သင်္ဘော MV ISUZU (VOY.NO.34) ပေါ်တင်ဆောင်ကာ ဂျပန်နိုင်ငံ YOKOHAMA ဆိပ်ကမ်းမှ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စတင်ထွက်ခွာလာခဲ့ရာ ကျောက်ဖြူမြို့ကို မတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိခဲ့သည်။ ဂျပန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင် Mr.Yoshizawa Tomoyasu နှင့်အဖွဲ့က (ရခိုင်ဌာနခွဲ)ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနရှိ ဝန်ထမ်းများအား ယနေ့ (၉.၃.၂၀၁၉)မှ (၁၇.၉.၂၀၁၉) ရက်နေ့အထိ ရေယာဉ်နှင့်ပတ်သက်သည့် မောင်းနှင်ခြင်း၊ စက်ပိုင်းဆိုင်ရာပြုပြင်ထိန်းသိမ်းခြင်းနှင့် အခြား နည်းပညာအချက်အလက်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း ကျောက်ဖြူ(ရခိုင်ဌာနခွဲ) ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဌာနမှ သိရသည်။
၎င်းရေယာဉ်သည် အလျား(၃၉) မီတာ၊ အနံ (၇)မီတာ၊ ရေစူး (၂.၂) မီတာ၊ ရာမအင်ဂျင်ပါဝါ ၁၀၈ ကီလိုဝပ် အင်ဂျင်နှစ်လုံး၊ အလေးချိန် (၁၈၂) တန်၊ လူဦးရေ(၁၅၀)ဆံ့ ဂျပန်ယန်း(၁၀ဝ၀) တန်ဖိုးရှိကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)


