ရန်ကုန် ၉  မတ် 


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်  ၉ နာရီက ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အသိပညာပေးဟောပြောပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တောင်ပိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရွှေဖြူက  စားသုံးသူ အခွင့်အရေး နှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊  ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်း မပြုမီ သတိပြုရမည့် အချက်များ၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေများ နှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့်  ဈေးဆိုင်ပိုင်ဆိုင်ရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများက သိရှိလိုသည့် အကြောင်းအရာ များကို မေးမြန်းခဲ့ရာ ခရိုင်ဦးစီးမှူး ဦးရွှေဖြူ က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ အသိပညာပေးဟောပြောပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြွေ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။


စားသုံးသူပြည်သူများအနေဖြင့် ဝယ်ယူသုံးစွဲခဲ့သည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စိတ်မကျေနပ်မှုမရှိခြင်း၊ နစ်နာမှုရှိခြင်းနှင့် စားသုံးသူအခွင့်အရေးဆုံးရှုံးပါက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းနှင့် ပတ်သက်၍ တိုင်ကြားမှုများ နည်းပါးလျက်ရှိပြီး ဝန်ဆောင်မှုနှင့် ပတ်သက်သည့် တိုင်ကြားမှုမှာ များပြားခြင်းကြောင့် စားသုံးသူပြည်သူများ၏ အခွင့်အရေးများ ဆုံးရှုံးလျက်ရှိကြောင်းသိရသည်။


နိုင်လင်းကျော်(ဒလ)