နေပြည်တော် ၉ မတ်
မြေယာကဏ္ဍဆိုင်ရာ လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် တိုးတက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ ဂရိတ်ဝေါဟိုတယ်၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးလှကျော်က နိုင်ငံ၏ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး စသည့်ကိစ္စရပ်များတွင် မြေယာစနစ် တည်ငြိမ်မှန်ကန်ရေးသည် အဓိကကျသည့်အတွက် သက်ဆိုင်သူတို့က မြေယာကဏ္ဍဆိုင်ရာ ဘက်ပေါင်းစုံမှ ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မြေယာမူဝါဒနှင့် မြေယာဥပဒေတို့ကို ရေးဆွဲရာတွင် လူမျိုးဘာသာ ကွဲပြားမှု၊ ရေမြေတောတောင် သဘာဝကွာခြားမှု၊ လမ်းပမ်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အဦ လိုအပ်နေမှုများအား တန်းတူညီမျှမှုရှိရေး၊ နိုင်ငံတော်၏ လက်ရှိဖြစ်တည်မှုအရ လုံခြုံရေးပိုင်းဆိုင်ရာ ကန့်သတ်ချက်များနှင့် အခြေအနေ အရပ်ရပ်ကို ထည့်သွင်းတွက်ချက်ရမည်ဖြစ်ကြောင်း၊ မြေယာနှင့်စပ်လျဉ်းပြီး ပြဋ္ဌာန်းခဲ့သည့် မြေယာအသုံးချမှု၊ အသုံးပြုမှုဆိုင်ရာ ဥပဒေများကို ခေတ်ကာလနှင့် လိုက်လျောညီထွေမှုရှိသည့် ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ကြုံတွေ့နေရသည့် မြေယာကဏ္ဍဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စိန်ခေါ်မှုများကို ပညာရပ်အတွေ့အကြုံများအပေါ် အခြေခံပြီး အားသာချက်၊ အားနည်းချက်များ ထုတ်ဖော်၍ ရလဒ်ကောင်းများရရှိရေး ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက မြေယာကဏ္ဍဆိုင်ရာ လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် တိုးတက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုနှင့် မျှော်မှန်းရလဒ် ထားရှိမှုများ၊ ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်ရန်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဆွေးနွေးပွဲ၏ အခြေခံသဘောတရားနှင့် လုပ်ငန်းစဉ်များ၊ မြေယာစီမံခန့်ခွဲမှု ကဏ္ဍဆိုင်ရာ စိန်ခေါ်မှုများ၊ အားသာချက်၊ အားနည်းချက်များနှင့် ရလဒ်များ၊ မြေယာအသုံးချမှု၊ အသုံးပြုမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတို့တွင် ပြင်ဆင်ရန်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြေယာစီမံခန့်ခွဲမှု ကဏ္ဍဆိုင်ရာများနှင့် ဆက်လက်ဆောင်ရွက်သွားရန်များကို တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။
ယနေ့ကျင်းပသည့် မြေယာကဏ္ဍဆိုင်ရာ လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် တိုးတက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသည် ဌာနတွင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဝန်ထမ်းများအကြား အယူအဆ၊ အတွေးအခေါ်၊ နားလည်မှုကွဲလွဲခြင်းများကို အပြုသဘောဖြင့် စုပေါင်းဆွေးနွေးဖော်ထုတ်၍ ညှိနှိုင်းအဖြေရှာ ဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ ပိုမိုအားကောင်းလာစေရန်၊ ဝန်ထမ်းများအနေဖြင့် စီမံခန့်ခွဲမှုများတွင် ဌာနနှင့်ပတ်သက်သော လုပ်ထုံးလုပ်နည်းများ၊ ဆက်စပ်လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေများ၏ လက်ရှိထိရောက်မှု အခြေအနေများ အတူတကွ သိရှိနားလည်မှု အားကောင်းလာစေရန်၊ ဆွေးနွေး သဘောတူညီချက်များအပေါ် အခြေခံ၍ ဦးစားပေးလုပ်ငန်းများကို ရေတို၊ ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအဖြစ် စုပေါင်းဖော်ထုတ် သဘောတူရန်၊ ဌာန၏ ပင်မလုပ်ငန်းများနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့အစည်းများဆိုင်ရာ လုပ်ငန်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်သည့် နည်းလမ်းကို စုပေါင်းဖော်ထုတ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။
(သတင်းစဉ်)


