ဘားအံ ၉ မတ်


တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၆ ရက်မှ စတင်ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် မတ် ၉ ရက် နံနက်ပိုင်းက ဘားအံမြို့ပေါ် စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ရပ်ဝေးကျောင်းများမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။


ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် အ.ထ.က(လှာကာ) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသော လှာကာဓမ္မာရုံတွင် တည်းခိုနေထိုင်သည့် အ.ထ.က(နို့အောလာ)ကျောင်းမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမ ၆၂ ဦး၊ အ.မ.က(မန္တလေးကုန်း) ကျောင်းတွင် တည်းခိုနေထိုင်သော အ.ထ.က (တကောင်ဘိုး)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ ၆၈ ဦး၊ အ.မ.က(ဇရပ်ဖြူ)ကျောင်းတွင် တည်းခိုနေထိုင်သော အ.ထ.က(ဝတ်ကြီး)ကျောင်းမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမ ၆၉ ဦး၊ အ.ထ.က(၁) ဘားအံစာစစ်ဌာနတွင် လာရောက်ဖြေဆိုသော ကရင်ပရိယတ္တိ ဘုန်းတော်ကြီးကျောင်းတွင် တည်းခိုနေထိုင်သည့် အ.ထ.က(နောင်ကမြိုင်)ကျောင်းမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမ ၅၆ ဦး၊ အ.လ.က(၆)တွင် တည်းခိုနေထိုင်သော အ.ထ.က(မင်းဇီ)ကျောင်းမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမ ၅၄ ဦး၊ မူလွန်(၄)တွင် တည်းခိုနေထိုင်သော အ.ထ.က(မိကရင်)ကျောင်းမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမ ၄၆ ဦး၊ အ.မ.က(၁၂)တွင် တည်းခိုနေထိုင်သော အ.ထ.က(မုက္ကဒိ)ကျောင်းမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမ ၉၄ ဦးတို့အား သွားရောက်တွေ့ဆုံ၍ စာမေးပွဲဆိုင်ရာ အားပေးစကားများပြောကြားကာ ကြက်ဥ၊ အချိုရည်၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ တိုင်းရင်းဆေးမျိုးစုံ၊ ဓါတ်ဆား အစရှိသည့် အာဟာရဆိုင်ရာ အစားအစာများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
    

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကရင်ပြည်နယ်အတွင်း စာစစ်ဌာန ၄၆ ခုဖြင့် ကျင်းပပေးလျက်ရှိပြီး လုံခြုံရေး၊ ကျန်းမာရေး၊ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

1