မန္တလေး ၉ မတ်
ယခုနှစ်တွင် ကျင်းပမည့် မန္တလေးသင်္ကြန်ပွဲတော်တွင် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားအား ကျောင်းသူ အင်အား ၅၀ဝ နှင့်အတူ မန္တလေးစည်ပင် ယိမ်းအဖွဲ့တို့ ပူးပေါင်း၍ မန်းတောင်ရိပ်ခိုသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်္ကြန်ပွဲတော်ကို အကြိုနေ့ နံနက် အာရုံတက်၌ သံဃာတော် ၁၀၈ ပါးအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှေ့၌ ပင့်ဖိတ်၍ ဆွမ်းဆန်စိမ်းလောင်းလှူပြီး နံနက် ၇ နာရီ ၃၅ မိနစ်တွင် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ နံနက် ၉ နာရီတွင် မနော်ရမ္မံကွင်းရှိ တိုင်းရင်းသားသွေးချင်းများ၏ ရိုးရာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
''ဒီနှစ်မြို့တော်မဟာသင်္ကြန်ဖွင့်ပွဲမှာ ကျောင်းသူအင်အား ၅၀ဝ နဲ့ စည်ပင်ယိမ်းအဖွဲ့တို့ ပူးပေါင်းပြီး မန်းတောင်ရိပ်ခိုသီချင်းနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ သက်ဆိုင်တဲ့ သီချင်းတစ်ပုဒ်ကို သီဆိုကပြဖျော်ဖြေပြီး ဖွင့်လှစ်ပေးသွားမှာပါ။ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးမယ့် မြို့မိမြို့ဖတွေကတော့ မန္တလေးနေ့စဉ်သတင်းစာတိုက် စာတည်းမှူးချုပ် ဆရာကြီး နတ်မောက်ဦးထွန်းရှိန်၊ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နာယကကြီး ဦးသိန်းတန်၊ စာရေးဆရာ ပါမောက္ခ ဒေါက်တာချစ်မောင်၊ နိုင်ငံခြားဘာသာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင့်တင့်နဲ့ သူနာပြုတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်သက်လွင်တို့ကို ကမ်းလှမ်းထားပါတယ်''ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်မြင့်က ပြောသည်။
သင်္ကြန်ပွဲတော်ကာလအတွင်း မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင် Shell တေးဂီတနှင့်အတူ အဆိုတော် အောင်ထက်၊ ဂျူရယ်နှင့် ချစ်ဇွဲသာတို့မှ လာရောက်သီဆို ဧည့်ခံပေးမည့်အပြင် မန္တလေးခင်မြလွင် အမျိုးသမီး ဆိုင်းအဖွဲ့မှလည်း မြန်မာမှုတေးသီချင်းများဖြင့် တီးခတ်ဖျော်ဖြေပေးကြမည် ဖြစ်သည်။
ယခုနှစ်သင်္ကြန်ပွဲတော်တွင် မနော်ရမ္မံကွင်း၌ ထူးခြားစွာ ထည့်သွင်းကျင်းပရန် တည်ဆောက်ထားသည့် တိုင်းရင်းသား သွေးချင်းများ၏ ရိုးရာသင်္ကြန်မဏ္ဍပ်တွင်လည်း တိုင်းရင်းသားလူမျိုးစုအသီးသီးမှ ရိုးရာယဉ်ကျေးမှု အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ ရပ်ကွက်အလိုက် ယိမ်းအကပြိုင်ပွဲများ သံချပ်ပြိုင်ပွဲများကိုလည်း ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ- အောင်ဖြိုးကျော်


