ရန်ကုန် ၉ မတ်
ရုပ်ရှင်အနုပညာရပ်ဝန်းရှိ ရုပ်ရှင်စတူဒီယိုများ ဖွင့်ပွဲအခမ်းအနားနှင့် ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် (၅၀) ရွှေတောင်ကြားလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ စတူဒီယို (၁) ၌ ကျင်းပသည်။
ရှေးဦးစွာ နံနက် ၉ နာရီတွင် ရုပ်ရှင်စတူဒီယိုများ ဖွင့်ပွဲကိုကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနာယက စည်သူဗိုလ်ကလေးတင့်အောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများက စတူဒီယိုအဆောက် အအုံများအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရုပ်ရှင်အနုပညာရပ်ဝန်းရှိ ရုပ်ရှင်စတူဒီယိုများ ဖွင့်လှစ်ခြင်းစပ်လျဉ်း၍ အမှာစကားပြောကြားရာတွင် မိမိတို့တိုင်းပြည်၌ ရုပ်ရှင် စတူဒီယို နည်းပါးနေပါသေးကြောင်း၊ ရုပ်ရှင်အနုပညာနှင့် ပတ်သက်သည့် သင်တန်းကျောင်းများ၊ ရုပ်ရှင်နှင့် ပတ်သက်၍ တက်တက်ကြွကြွပြောဆို ဆွေးနွေးလုပ်ကိုင်သည့် အစုအဖွဲ့ဝိုင်းများ၊ နည်းပညာ ဖွံဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ လေ့လာဖြန့်ချိနေကြသည့် ပညာရှင်များရှိရန် လိုအပ်နေပါသေးကြောင်း။
ရုပ်ရှင်ဇာတ်ကားကောင်းများ၊ ရုပ်ရှင်နှင့်ပတ်သက်သည့် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှပ်နှံရေး၊ နိုင်ငံတကာနှင့် ဖြန့်ကျက်ပူးပေါင်းဆောင်ရွက်ရေး အစရှိသည့် ကဏ္ဍပေါင်းစုံမှ ကြိုးစားဆောင်ရွက်မှုများ၌ မိမိတို့အနေဖြင့် မြန်မာ့ရုပ်ရှင်ဖွံဖြိုး တိုးတက်ရေးအတွက် တတ်အားသရွေ့ ကူညီဆောင်ရွက်ပေးရန် အမြဲအဆင်သင့် ရှိနေပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယက စည်သူ ဗိုလ်ကလေး တင့်အောင်က အမှတ်တရ ဝမ်းမြောက်စကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီး စတူဒီယိုများအား လှည့်လည်ကြည့်ရှုကြသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ ပြည်သူ့ဝန်ဆောင်မှု တစ်ရပ်အနေဖြင့် အရည်အသွေးမြင့် 2K,4K ရုပ်ရှင်ဇာတ်ကားများ၊ MTV များ၊ ကြော်ငြာများ၊ Documentary ဇာတ်ကားများ၊ ဇာတ်လမ်းတိုများ ရိုက်ကူးထုတ်လွှင့်ရာတွင် အထောက်အကူဖြစ်စေရန် စတူဒီယိုများ ရုပ်ရှင်အနုပညာရပ်ဝန်းခြံဝန်း၊ Sony PMW CineAlta Camera နှင့် ဆက်စပ်ပစ္စည်းများ၊ Camera Zoom ၊ Prime Lens အမျိုးမျိုး၊ အသံစနစ်တို့ကို ဈေးနှုံးချိုသာစွာဖြင့် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ ကျင်းပရေး ဆောင်ရွက်ထားရှိပုံများကို ရှင်းလင်းဆွေးနွေးတင်ပြပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက အကယ်ဒမီဆုချီးမြှင့်မည့် အစီအစဉ် အဆင့်ဆင့်နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူက ဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့်စပ်လျဉ်း၍ သုံးသပ်ညှိနှိုင်း ဆွေးနွေးခဲ့သည်။
(သတင်းစဉ်)


