ရန်ကုန် ၉ မတ်
မော်လမြိုင်မြို့ ဖားအောက်ရိုးဂိုးကျေးရွာ သာမညစင်္ကြာတောင်တွင် ပြဒါးရည် တန် ၂၀၊ ပိဿာ ၁၃၀ဝ၀ ဖြင့် စီမံပူဇော်ကာ တည်ထားကိုးကွယ်မည့် ဆုတောင်းပြည့် စကြာအေး မိုးပျံပဌမံပြဒါးရှင် ကိုးနဝင်းဓာတု စေတီတော်မြတ်ကြီး၏ ရတနာ စိန်ဖူးတော် အပါအဝင် အထက်အစိတ်အပိုင်းများ ဖြစ်ကြသည့် ကြာမှောက် ကြာလှန်၊ ငှက်ပျောဖူး၊ ထီးတော်နှင့် ရပ်တော်မူ လေးဆူတို့အား လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ငွေ့လှုံပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့် အောင်မြေနေရာ၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းက ရင်ငွေ့လှုံပူဇော်မည့် ရတနာစိန်ဖူးတော်၊ ကြာမှောက်ကြာလှန်၊ ငှက်ပျောဖူးနှင့် ထီးတော်တို့အား ရင်ပြင်တော်တစ်ပတ်လှည့်လည် အပူဇော်သည်။
ဆက်လက်၍ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်၌ ရင်ငွေ့လှုံ အနေကဇာတင်ကြပြီး သာမညတောင်ဆရာတော်ကြီး မဟာကမ္မဌာနာစရိယ တစ်ဘဝသာသနာ ဘဒ္ဒန္တသောဘန မထေရ်မြတ်နှင့် ခမည်းတော် မယ်တော်မိသားစုက ရွှေတိဂုံစေတီ တော်မြတ်ကြီး ရွှေပြားကပ်လှူရန် ကျပ် ၁၀၈ သိန်းတန်ဖိုးရှိ ရွှေစင် ၁၃ ကျပ်သားကို ပေးအပ်လှူဒါန်းကြသည်။ ယင်းနောက် နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော်နှင့် သံဃတော်အရှင်သူမြတ်တ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
“ဒီပြဒါးစေတီလို စေတီမျိုးဟာ မြန်မာနိုင်ငံမှာလည်း မရှိသေးဘူး၊ ကမ္ဘာမှာလည်း မရှိလို့ ကမ္ဘာ့အံ့ဖွယ်ကြီးဖြစ်လာမယ်။ ရွှေငွေရတနာကဲ့သို့ ရွှေဖြစ်အောင် ပေးစွမ်းနိုင်သော ရွှေဖြူလည်းဖြစ်သော လောကီအစွမ်းသတ္တိနှင့်လည်း ပြည့်စုံသော ပြဒါးရှင်များသည် လောကီရတနာထိုက်ကြောင်းနဲ့ ထိုလောကီရတနာပြဒါးရှင်များဖြင့် ဘုရား တရား သံဃာလောကုတ္တရာ ရတနာများကို ပူဇော်ရခြင်းသည် လွန်စွာမြင့်မြတ်ကြောင်း” ဗန်းမော်ဆရာတော်ကြီးက မိန့်တော်မူသည်။
အဆိုပါ ပြဒါးရှင် ကိုးနဝင်းဓာတုစေတီတော်၏ ကြာမှောက်ကြာလှန်၊ ငှက်ပျောဖူး၊ ထီးတော်နှင့် ရပ်တော်မူလေးဆူတို့ ရင်ငွေ့လှုံပူဇော်ခြင်းကို မတ် ၁၂ ရက်ထိ ပြုလုပ်မည်ဖြစ်ပြီး မတ် ၃၁ ရက်တွင် ထီတော်တင်လှူမည်ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ပြဒါးရည်ငါးတန်ဖြင့် စီမံပူဇော်မည့် နဂါးရုံဘုရား၊ ဓမ္မစကြာမုဒြာ ဆင်းတုတော်နှင့် မိုးကုတ်ဆရာတော်ကြီး၏ ပြဒါးရှင် ရုပ်ပွားတော်များအား လည်းကောင်း၊ ပြဒါးတန်ရာပေါင်းများစွာဖြင့် ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်ပါဠိတော်အုပ် ၄၀ ရှိ ဘုရားဟော ပါဠိတော်များအားလည်းကောင်း ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ - ဇော်မင်းလတ်


