မိုးညို ၉ မတ်

သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပိုးစတောကျေးရွာအုပ်စု ရတနာသီရိ ဓမ္မဗိမာန်ကျောင်းတိုက်၌ ယနေ့ မွန်းတည့် ၁၂ နာရီက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူလူထု တွေ့ဆုံပွဲကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်ဦးဝင်းသိန်းက ကျေးရွာများတွင် အုပ်ချုပ်ရေးကိစ္စ၊ လမ်းပန်းကိစ္စ၊ မီးလင်းရေးကိစ္စရပ်များနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ဒေသခံများအနေဖြင့် မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ပိုးစတောကျေးရွာနေ ပြည်သူများမှ ကျေးရွာလိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများသည် မိုးညိုမြို့နယ် ကရင်ချောင်ကျေးရွာ ဝိဇယာရာမ ကျောင်းတိုက်အတွင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး အားကစားပစ္စည်းများကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆရာ/ဆရာမများအား ပေးအပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မိုးညိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(မိုးညို)

 

mdn