သီပေါ ၉ မတ်

လူသားချင်းစာနာထောက်ထားမှုဖြင့် စစ်ပွဲသင့် ဒေသခံတိုင်းရင်းသားများအား ကူညီကယ်တင်ခဲ့သော နယ်စည်းမခြား ပရဟိတ(သီပေါ) အသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို မတ် ၉ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ မြမိုးစံ ခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(မြောက်ပိုင်း) ကော်မတီအတွင်းရေးမှူး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးတို့က ဂုဏ်ပြုစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက အမှာစကားပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ထံမှ ချီးမြှင့်ငွေကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက နယ်စည်းမခြား ပရဟိတအသင်းခေါင်းဆောင် ဦးမျိုးလွင်(ကိုမျိုး)ထံသို့ ပေးအပ်ပြီး အသင်းခေါင်းဆောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းကြောင်း သိရသည်။

စိုင်း(သီပေါ)