နေပြည်တော် ၉ မတ်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့ ပူးပေါင်း၍ လူ့အခွင့်အရေးနှင့် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး အလားအလာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ မန်းမြန်မာဟိုတယ်၌ ကျင်းပသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ တာဝန်ရှိသူများ၊ အကျဉ်းဦးစီးဌာနမှ အငြိမ်းစား အရာထမ်းများ၊ ICRC မှ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ အစီအစဉ်အရ ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ထွန်းခိုင်က အဖွင့်အမှာစကား ပြောကြားခြင်း၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က အမှာစကားပြောကြားခြင်းတို့ ဆောင်ရွက်ကြပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ အတွင်းရေးမှူး ဦးတိတ်နိုင်က အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က အကျဉ်းထောင်နှင့် အကျဉ်းစခန်းများ စစ်ဆေးမှုအခြေအနေကို ရှင်းလင်းပြောကြားခဲ့ပြီး အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး အကြံပြုချက်များကို တင်ပြဆွေးနွေးရာ တက်ရောက်လာသူများက အစုအဖွဲ့အလိုက် ဆွေးနွေးခြင်းနှင့် ဆွေးနွေးချက်များကို ပြန်လည်တင်ပြခြင်းများ ဆောင်ရွက်ခဲ့သည်။
ညနေပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၊ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်မှ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး အကြံပြုချက်များကို တင်ပြဆွေးနွေးခြင်း၊ အစုအဖွဲ့အလိုက် ဆွေးနွေးခြင်းနှင့် ဆွေးနွေးချက်များကို ပြန်လည်တင်ပြခြင်းများ ဆောင်ရွက်ကြပြီး၊ ဦးဇော်ထွန်း (ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ အကျဉ်းဦးစီးဌာန)မှ အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ အတွေ့အကြုံများကို ရှင်းလင်းတင်ပြသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မတ် ၁၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇော်ကြီး


