နေပြည်တော် ၉ မတ် 
    

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Ponpipat Benyasri ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပတ္တရားမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပြီး Udon Thani ခရိုင်ရှိ ထိုင်းဘုရင့်တပ်မတော် လေတပ် Win 23 ဌာနချုပ်သို့ ရောက်ရှိကြသည်။
    

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့အား လေတပ်စခန်းဌာနချုပ်မှူး Group Capatain Chanawee Klinmalee နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းဘုရင့်လေတပ်ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။
    

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် Wat pa Baan Tat ဘုရားကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းထိုင်ဆရာတော် LUANGTA SOODJAI TANTAMANOCHAYA အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
    

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံနယ်စပ် Nong Khai ခရိုင်ရှိ ထိုင်း-လာအို နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်စခန်းသို့ သွားရောက်ကြည်ရှုလေ့လာကြရာ Nong Khai ခရိုင်အုပ်ချုပ်ရေးမှူး Mr. Rona Chai နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
    

ယင်းနောက် အစည်းအဝေးခန်းမတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတစ်ဦးက ထိုင်းနိုင်ငံမှ လာအိုနိုင်ငံသို့ ထိုင်းနိုင်ငံမှ လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ပို့ဆောင်နေမှု အခြေအနေများနှင့် ထိုင်း-လာအိုချစ်ကြည်ရေးတံတား အမှတ်(၁) တည်ဆောက်ထားမှုနှင့် ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေအား ရှင်းလင်းတင်ပြကြသည်။
    

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ထိုင်း-လာအို ချစ်ကြည်ရေးတံတားပေါ်သို့ သွားရောက်ကြည့်ရှုလေ့လာကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 


(သတင်းစဉ်)