မိုးညှင်း ၁၀ မတ်

 

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသခံပြည်သူများ ပူးပေါင်းကာ မိုးညှင်းမြို့ နန့်ရင်းချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် မတ် ၉ ရက် နံနက် ၇ နာရီက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

1

 

အဆိုပါစုပေါင်းသန့်ရှင်းရေးကို မိုးညှင်းမြို့အလယ်တွင် ဖြတ်သွားသော မြို့မဈေးကြီးအနီးရှိ နန့်ရင်းချောင်း၏ ဘေးတစ်လျှောက်နှင့် နန့်ရင်းချောင်းအား ဖြတ်လျက် ဆက်သွယ်ထားသော ကြိုးတံတားအောက်ဘက်ရှိ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့အပြင် အမှိုက်များ သိမ်းဆည်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် နန့်ရင်းချောင်းအတွင်းရှိ ဒိုက်၊ အမှိုက်များ ဆယ်ယူခဲ့ကြကြောင်း သိရသည်။

 

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေး၊ မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအောင်ဇော်၊ မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲအောင်၊ မိုးညှင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုင်းကျော်မျိုးဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မိုးညှင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူ စုစုပေါင်း(၁၂၀)ဦးခန့်က စုပေါင်းလုပ်အားပေးခဲ့ကြကြောင်း သိရသည်။

 

သန်းထွန်း(မိုးညှင်း)