လက်ပံတန်း ၁၀ မတ်
ယနေ့ နံနက် ၈ နာရီက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ လက်ပံတန်းမြို့နယ် လက်ပံတန်း-ကျွန်းကလေး လမ်းပေါ်ရှိ လက်ပံတန်းမြို့အဝင် တံတားအမှတ်(၃/၈၉) တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းက တံတားအမှတ်(၃/၈၉) တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး တည်ဆောက်ရေး လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါတံတားသည် လက်ပံတန်း-ကျွန်းကလေးလမ်း မိုင်(၈၈/၃)နှင့် မိုင်(၈၈/၄)အကြားရှိ ယခင်သစ်သားတံတားနေရာတွင် အရှည်(၁၄၀)ပေ၊ အကျယ်(၄၀)ပေ နှစ်လမ်းသွား သံကူကွန်ကရစ်တံတားအဖြစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၅၀၄)သန်းဖြင့် IDECO Co.,Ltd မှ တာဝန်ယူကာ ပြန်လည်တည်ဆောက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ဟိန်းထက်(ပဲခူး)


